ပေါင် စက်တင်ဘာ ၂၂
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူ များနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများ ဆရာ/မ များအားဂုဏ်ပြုဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အထက ပေါင် ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်က မိဘ ၊ကျောင်းသား ၊ဆရာ ဒေါင့် သုံးဒေါင့် က ပူးပေါင်းပြီး အနာဂတ်မှာ ထွန်းတောက်လာမည့် ကြယ်ပွင့်လေးများကို နိုင်ငံတာဝန်ထမ်းဆောင်မည့်ကြယ်ပွင့်လေးများဖြစ်လာအောင် ပံ့ပိုးဖို့လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက်မြို့နယ်ပညာရေးမှုး ဒေါ်စန်းစန်းအေးက ၂၀၁၉ -၂၀၂၀ မှာကိုဗစ်ရောဂါကြောင့် ကျောင်းမဖွင့်တဲ့အတွက် ၂၀၂၀ -၂၀၂၁ မှာ အခက်အခဲများစွာနှင့်ကျောင်းတက်ခဲ့ရတဲ့အတွက် မိဘ ဆရာ ကျောင်းသားတွေ အခက်အခဲ များစွာထဲမှ ဒီအောင်မြင်မှုရခဲ့တဲ့ အခမ်းအနားဖြစ်လို့အင်မတန်မွန်မြတ်တဲ့ အခမ်းအနားတခု ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပညာရေးတာဝန်ခံ ဦးကျော်လင်းဦး က ဆုချီးမြှင့်ပွဲနှင့်ပတ်သတ်၍ ဆောင်ရွက်ထားမှုအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
တစ်ဆက်တည်းမှာပင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးအများဆုံး ရရှိအောင်သင်ကြားပြသပေးသော ဆရာ/မများအားလည်းကောင်း၊ အောင်မြင်မှုရရှိသွားသောကျောင်းသား/သူများအားလည်းကောင်း၊ နိုင်ငံတော်မှချီးမြှင့်သော အမျိုးသမီး ထူးချွန်ဆုရ အမက(၂) ကတွန်ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းအိဖွေးလွင် အားလည်းကောင်း ပြည်နယ်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် တတိယဆုရရှိသော (အထက) ထန်းပင်ချောင်မှ မိစုစုအောင်အားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
တင်ဇာစိုး
https://t.me/MyanmarNationalPost






No comments:
Post a Comment