ရွှေတိဂုံစေတီတော်နှင့် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်တို့၌ တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) အခမ်းအနားများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော်နှင့် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်တို့၌ တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) အခမ်းအနားများ ကျင်းပ



MNP ၊ စက်တင်ဘာ ၉

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် တော်သလင်းလပြည့်နေ့ အာရုံဆွမ်းတော်ကြီး လှူဒါန်းပွဲနှင့် ဂရုဓမ္မအခါတော်နေ့ အခမ်းအနားကို ယနေ့နံနက် (၆) နာရီတွင် စေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။


ရှေးဦးစွာ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ရွှေတိဂုံစေတီတော် ဘာသာရေးဝတ်အသင်း အဖွဲ့များက စေတီတော်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။


ထို့နောက် တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခြင်း၊ "စိန်ရောင်ခြည်" ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ ကုသိုလ်တော်အတူပြုရန် နတ်ဗြဟ္မာများကိုဖိတ်ကြားခြင်း၊ "မြတ်ဘုရားရွှေတိဂုံ" ဂါထာတော်ဖြင့် စေတီတော်မြတ်ကြီးကို ရှိခိုးပူဇော်ခြင်း၊ ပရိသတ် အပေါင်းတို့က နဝင်္ဂသီလခံယူဆောက်တည်ခြင်း၊ ဘုရား၊ တရား၊ သံဃာဂုဏ်တော်များ ရွတ်ပွားပူဇော်ခြင်းနှင့် ဗုဒ္ဓ၊ ဓမ္မ၊ သံဃဝန္ဒနာရှိခိုးခြင်း၊ ဂရုဓမ္မအခါတော်နေ့ဆိုင်ရာ အမေးအဖြေများ ပြုလုပ်ခြင်း၊ ဂရုဓမ္မ ငါးပါးသီလအကျိုးအပြစ်လင်္ကာများ ရွတ်ဆိုပူဇော်ခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊ ဆုတောင်းအမျှဝေသာဓုခေါ်ဆိုခြင်း၊ ကုသိုလ်တော်အတူပြုရန် ပင့်ဖိတ်ထားသော နတ်ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ခြင်း၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခြင်းတို့ ပြုလုပ်ဆောင်ရွက်ကြသည်။


ယင်းနောက် ဝါတွင်းကာလ သီလခံယူပွဲကို ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဘဒ္ဒန္တဇာဂရ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိ မြသိန်းတန်ကျောင်းတိုက် ဆရာတော်ထံမှ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များနှင့် ဘုရားဖူးလာရဟန်းရှင်လူ ပြည်သူများက ပါဝင်ကုသိုလ်ပြုကြသည်။


အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်တွင် ယနေ့နံနက်ပိုင်းမှစတင်၍ စေတီတော် အာရုံခံတန်ဆောင်းပေါ်ထပ်တွင် ဂုရုဓမ္မအခါတော်နေ့အခမ်းအနားကို ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အဖွဲ့များနှင့် ဧည့်ပရိသတ်များက စေတီတော်ဩဝါဒါစရိယအဖွဲ့ဝင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောသလ္လထံမှ ဂရုဓမ္မသီလဖြစ်သော ကိုးပါးသီလကို ခံယူဆောက်တည်ကြကာ၊ ဆရာတော်အား ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ဆက်လက်၍ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ဆရာတော်ဟောကြားတော်မူအပ်သော ဂရုဓမ္မတရားတော်နှင့် ရေစက်ချအနုမောဓနာတရားများကိုနာကြားကာ ပြုပြုသမျှ ကုသိုလ်အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။


မွန်းလွဲပိုင်းတွင် ဂရုဓမ္မအခါတော်နေ့ (ဒုတိယပိုင်း) အစီအစဉ်ကို ဆက်လက်ကျင်းပရာ ဂေါပကအဖွဲ့ဝင်များနှင့် ဝတ်အဖွဲ့ဝင်များသည်ဂရုဓမ္မအခါတော်နေ့ ဓမ္မပူဇာ မင်္ဂလာအစီအစဉ်ကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်သည်။


မြတ်စွာဘုရားနှင့် အဂ္ဂသာဝကကြီး နှစ်ဆူဖြစ်တော်မူသော အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် အရှင်မြတ်ကြီးနှစ်ပါးတို့အား ပင့်လျှောက်ကာ ကမ္ဘာအေးဘုရားရှိခိုးဖြင့် ပူဇော်ကန်တော့ကြပြီး ဂရုဓမ္မသီလဖြစ်သော ငါးပါးသီလခံယူဆောက်တည်ကြသည်။


ဆက်လက်၍ အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးလှထွန်းက ဂရုဓမ္မအခါတော်နေ့ ကျင်းပရခြင်း အကြောင်း မင်္ဂလာထောပနာစကားပြောကြားကာ ဂရုဓမ္မဇာတ် ပါဠိတော်နှင့် မဟာဓမ္မပါလဇာတ်ပါဠိတော် တို့ကို စုပေါင်းရွတ်ဆိုကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ဂရုဓမ္မအခါတော်နေ့ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ကိုကိုဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)