ပန်းခင်းစီမံချက် (၁/၂) နှင့် မဲစာရင်းမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်၊ နိုင်-၄ နှင့် ပုံစံ (၆၆/၆) ပါ အချက်အလက်များ မှန်ကန်စွာ ဖြည့်သွင်းပြီးစီးပါက မှန်ကန်သော မဲစာရင်းများကို ပြုစုရရှိနိုင်မည်ဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းခင်းစီမံချက် (၁/၂) နှင့် မဲစာရင်းမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်၊ နိုင်-၄ နှင့် ပုံစံ (၆၆/၆) ပါ အချက်အလက်များ မှန်ကန်စွာ ဖြည့်သွင်းပြီးစီးပါက မှန်ကန်သော မဲစာရင်းများကို ပြုစုရရှိနိုင်မည်ဖြစ်

 




MNP ၊ စက်တင်ဘာ ၉

ပန်းခင်းစီမံချက်နှင့် ပန်းခင်းစီမံချက်အဆင့် (၂) အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ မြို့နယ်ဦးစီးမှူးရုံး အသီးသီးရှိ နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) အခြေအနေများနှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များအား သက်ဆိုင်ရာဒေသများမှ ကွန်ပျူတာများဖြင့် ဖြည့်သွင်းကာ နေပြည်တော်ရုံးချုပ်ရှိ Server သို့ Online စနစ်ဖြင့် ပေးပို့ထိန်းသိမ်းထားရှိမှု၊ မဲဆန္ဒရှင် စာရင်းမှန်ကန်စေရေးအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အောင်မြင်ပြီးစီးနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆိုင်ရာအခက်အခဲများကို ရှင်းလင်း ဆွေးနွေးမည့် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။


ယနေ့ နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပန်းခင်းစီမံချက်(၁/၂)နှင့် မဲစာရင်းမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး ၎င်းတို့၏ နိုင်ငံသားဖြစ်မှု အရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ရေးဆွဲကာ နိုင်ငံတစ်ဝန်း နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေ (၃) ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၃) ရက်အထိ (၁၈) လတာကာလအတွင်း တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် လူဦးရေပမာဏ (၃ ဒသမ ၄) သန်းကျော်ကို ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက်ခဲ့ရာ ယခုအခါ တိုင်းဒေသကြီး/ပြည်နယ် (၉)ခုတွင် ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ မြို့နယ်အချို့တွင်သာ လုံခြုံရေးအခြေ အနေကန့်သတ်ချက်များကြောင့် ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အတွက် ရာနှုန်းပြည့်ပြီးစီးရန် အနည်းငယ်သာ ကျန်ရှိနေခြင်း ဖြစ်ပါကြောင်း၊ ယခင်လျာထား သတ်မှတ်ချက်တွင် မပါဝင်သည့်ပြည်ပရောက် မိမိနိုင်ငံသားများသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်ပနိုင်ငံအသီးသီးမှ မိမိတို့နိုင်ငံအတွင်း အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာခြင်း၊ ကျူးကျော်အိမ်ရာများတွင်နေထိုင်သည့် အသက်(၁၆)နှစ်နှင့်အထက် အထောက်အထားမရှိသူများ စာရင်း ကောက်ယူခြင်း တို့ကြောင့် နိုင်ငံသားကတ်ပြားမရှိသေးသူများ ကျန်ရှိသေးသည့်အတွက် ပန်းခင်းစီမံချက် အဆင့်(၂) အဖြစ်သတ်မှတ်ကာ ယင်းကာလအတွင်း (၁၈) နှစ်ပြည့် လာမည့်လူဦးရေကို ခန့်မှန်း တွက်ချက်၍ လူဦးရေ(၁ ဒသမ ၇) သန်းကျော်ကို နိုင်ငံသားကတ်ပြား ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း။


ထို့ပြင် ယင်းအချက်အလက်များကို တိုက်ဆိုင်စစ်ဆေးရာတွင် နိုင်ငံသားကတ်နံပါတ် လွဲမှားမှုများ၊ အချက်အလက်မပြည့်စုံသူများ၊ နိုင်ငံသားကတ်ပြား အမှတ်တစ်ခုကို လူတစ်ဦးထက်ပိုမို ကိုင်ဆောင်ခြင်းများ၊ လူတစ်ဦး (သို့မဟုတ်) အိမ်ထောင်စုတစ်ခုသည် တစ်နေရာထပ် ပိုမိုနေထိုင်သည့်အချက် အလက်များစသည်ဖြင့် စိစစ်တွေ့ရှိရပါကြောင်း၊ ယင်းဖြစ်စဉ်များအားဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ပြီး အချက်အလက် မပြည့်စုံသူများအား ရနိုင်သမျှနည်းလမ်းများဖြင့် ဖြည့်သွင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ (နိုင်-၄) မှတ်တမ်းနှင့် ပုံစံ (၆၆/၆) အချက်အလက်များကို လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင့်အညီဆောင်ရွက်ပြီး အချက်အလက်များ မှန်ကန်စွာဖြည့်သွင်း ပြီးစီးပါက ယင်းစာရင်းများကိုအခြေခံကာ မှန်ကန်သောမဲစာရင်းများကို ပြုစုရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် သက်ဆိုင်ရာနယ်မြေအသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက ပန်းခင်းစီမံချက်အဆင့် (၁) နှင့် (၂) တို့ကို သတ်မှတ်ကာလအတွင်း လျာထားချက် ပြည့်မီပြီးစီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ မဲစာရင်း မှန်ကန်ရေးအတွက် ဆက်စပ်ဌာနအဖွဲ့အစည်း များ ဖြင့်ပူးပေါင်းကာ မိမိဌာန စာရင်းဇယားများနှင့် မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးဆောင်ရွက်မည့် အစီအစဉ်များ၊ လက်ရှိဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြ ကြသည်။


ယင်းနောက် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကဏ္ဍအလိုက် လိုအပ်သည်များကို ဖြည့်စွက် တင်ပြကြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အားနည်းချက်၊ အားသာချက်များ၊ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို သုံးသပ်ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)