MNP - စက်တင်ဘာ ၃
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပြင်လျားရှည်ကျေးရွာ၌ သြဂုတ်လ ၃၁ ရက်နေ့၊ ညနေ ၃ နာရီကျော်ခန့်က မိုးကြိုးထိမှန်သေဆုံးသွားသည့် မိသားစုအတွက် ပုဏ္ဏားကျွန်းမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့၊ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ပြင်လျားရှည်ကျေးရွာက ဒေါ်မတင်ရွှေ ၃၆ နှစ်မှာ နေအိမ်တွင် ရေချိုးရန်ပြင်ဆင်နေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့သည့်မိသားစုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်ဌေးမှ ထောက်ပံ့ငွေကျပ် သုံးသိန်းအား သေဆုံးသူ၏ခင်ပွန်းဦးဝင်းဇော်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် မီးဘေး၊ မုန်တိုင်းဘေး၊ မိုးခေါင်ရေရှားဘေး၊ မြေပြိုဘေး၊ မိုးကြိုးနှင့်လျှပ်စီးဘေး၊ ငလျင်ဘေး၊ လေပြင်းဘေး၊ ဆူနာမီဘေးစသည့် ဘေးဒုက္ခအန္တရာယ်များ ကြုံတွေ့နေရသည့် ဘေးဒုက္ခသည်များအတွက် လတ်တလောသက်သာချောင်ချိမှု ရရှိစေရေးအတွက် ထောက်ပံ့ပေးလျက်ရှိကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
သတင်း - နီထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment