မကွေး-ပျော်ဘွယ်-ပြည်ညောင်-ပင်းပက် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေး-ပျော်ဘွယ်-ပြည်ညောင်-ပင်းပက် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ



MNP ၊ စက်တင်ဘာ ၁၇

မကွေး-ပျော်ဘွယ်-ပြည်ညောင်-ပင်းပက် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို မကွေး-ပျော်ဘွယ် ၈၇ မိုင်၊ ပျော်ဘွယ်-ပြည်ညောင် ၃၁ မိုင်နှင့် ပြည်ညောင်-ပင်းပက် ၆၇ မိုင် သုံးပိုင်းခွဲ၍ ဧပြီလမှစတင်ကာ အဆင့်မြှင့်တင်ခြင်းနှင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စီမံကိန်းတစ်ခုလုံး၏ ၇၇ ဒသမ ၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်ပါက အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ရေနံချောင်း Off-take မှတစ်ဆင့် ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့များ ပို့လွှတ်ပေးနိုင်ရေး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းက ကြိုတင်စီစဉ် ဆောင်ရွက်ခြင်းဖြစ်သည်။


ယင်းလုပ်ငန်းခွင်သို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးရှိ ပင်းပက်သဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းသို့ရောက်ရှိ စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သံမဏိစက်ရုံ ပြန်လည်လည်ပတ်ချိန်တွင် စက်ရုံသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်ပေးနိုင်ရေး လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုကြောင်း၊ စက်ရုံအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ ဖြည့်ဆည်းနိုင်ရေးအတွက် ရွှေစီမံကိန်းမှ ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက် ထားရန်လိုကြောင်း၊ ပိုက်လိုင်းများ အဆင့်မြှင့်တင်ခြင်း၊ အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများကို သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း မှာကြားပြီး ပင်းပက်ဓာတ်ငွေ့ထိန်းဖြန့်စခန်းရှိ သဘာဝဓာတ်ငွေ့ ဖိအားမြှင့်စက်များ ဖိအားစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ သရက်ပုကျေးရွာအနီးရှိ ပိုက်လိုင်းပြုပြင်ခြင်းနှင့် ပိုက်အစားထိုးလဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)