ကချင်ပြည်နယ်ဝန်ကြီးချုပ် နောင်တာလောရေလယ်ကျွန်းကမ်းခြေငယ်အပန်းဖြေစခန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး၊ မွန်အကပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်နယ်အကအဖွဲ့အား သွားရောက်အားပေးထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် နောင်တာလောရေလယ်ကျွန်းကမ်းခြေငယ်အပန်းဖြေစခန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး၊ မွန်အကပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်နယ်အကအဖွဲ့အား သွားရောက်အားပေးထောက်ပံ့



MNP - စက်တင်ဘာ   ၂၅


ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ခရီးစဉ်ဒေသသစ်များ၊ အပန်းဖြေစခန်းများ ဖော်ဆောင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၄ ရက် ညနေ (၃) နာရီခွဲက ဝိုင်းမော်မြို့နယ်အတွင်း အပန်းဖြေစခန်းသစ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နောင်တာလောရေလယ်ကျွန်းသဲသောင်ပြင်သို့သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အမြန်ရေယာဉ်များဖြင့် ဧရာဝတီမြစ် အတွင်း ရှိရေလယ် ကျွန်းသဲသောင်ပြင်သို့ သွားရောက်ခဲ့ကြပြီး ဌာနဆိုင်ရာများ၊ ကချင်ပြည်နယ်ခရီးသွား လုပ်ငန်းရှင်များ အသင်း၊ စက်လှေအသင်းတာဝန်ရှိသူများနှင့်အတူ ရေလယ်ကျွန်းသဲသောင်ပြင် ဖြစ်ထွန်းလျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ယင်းနောက် တာဝန်ရှိသူများက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေကျချိန်တွင် သဲသောင် ပြင်ဖြစ်ထွန်းမှု အခြေအနေများနှင့် သဲသောင်ပြင်ပေါ်တွင် အပန်းဖြေနေရာများ အပါအဝင် ကလေး ကစားကွင်း၊  သဲသောင်ပြင်အားကစားအစီအစဉ်များ၊ သီးနှံစိုက်ခင်းများနှင့် သဘာဝအလှအပများ ကြည့်ရှုခံစားနိုင်မည့် အစီအစဉ်များပါဝင်သည့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။


တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာ စေမည့်အပြင် အပန်းဖြေစီမံကိန်းလုပ်ငန်းနှင့် ဆက်နွယ်သည့် စက်လှေမောင်း သူများ၊ စားသောက် ဆိုင်လုပ်ကိုင်သူများ အပါအဝင် အများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ထွန်း လာမည့် ဖြစ်ရာ အပန်းဖြေစခန်းအမြန်ဆုံး အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် အမှိုက်များစနစ် တကျ စုစောင်းစွန့်ပစ်နိုင်ရေး၊ အများပြည်သူ လုံခြုံအေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်ရေးစသည့် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အမြန်ရေယာဉ်ဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သီးနှံစိုက်ခင်းများ ကြည့်ရှုမည့်အစီအစဉ်ကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။


အဆိုပါ နောင်တာလော ရေလယ်ကျွန်းသည် ဧရာဝတီမြစ်ရေကျချိန်တွင် သဲသောင်ပြင်သည် ဧက ၁၀၀ နီးပါးခန့်ကျယ်ဝန်းပြီး ကချင်ပြည်နယ် ခရီးသွားလုပ်ငန်း ရှင်များအသင်းနှင့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြမည့်သူများအနေဖြင့် သဲသောင်ပြင်ပေါ်တွင် ယာယီတဲများဖြင့် အပန်းဖြေနိုင်ခြင်း၊ ကလေး ကစားကွင်း၊ သဲသောင်ပြင်ဘောလုံးနှင့် ဘောလီ‌ဘောကွင်းများ၊ ဒေသအစားအစာ အရောင်းဆိုင်များ၊ လက်ဆောပစ္စည်း အရောင်းဆိုင်များ၊ ရေပေါ်စက်ဘီးစီးနှင့် စပိဘုတ်စီးနိုင်ခြင်း၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် စက်လှေဖြင့် စိုက်ခင်းများကြည့်ရှုနိုင်ခြင်း၊ သဘာဝအလှ ခံစားနိုင်ခြင်း စသည့်အစီအစဉ် များစွာပါဝင်မည်ဖြစ်ပြီး ဧရာဝတီမြစ်ရေကျချိန်တွင်သာ ဖွင့်လှစ်နိုင်မည်ဖြစ်သည့်အတွက် မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားတက္ကသိုလ်ခန်းမ၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ဗဟိုအဆင့်ပြိုင်ပွဲသို့ မွန်တိုင်းရင်းသားရိုးရာ အကဖြင့် ပါဝင်ယှဉ်ပြိုင်ရေး စခန်းသွင်းလေ့ကျင့်ကပြနေမှုကို သွားရောက်  ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်တိုင်းရင်းသားရိုးရာအကဖြင့် အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားလေ့ကျင့်ထားရန်၊ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဖြည့်ဆည်းပေးနိုင်ရန် တင်ပြကြရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် အလေးထားလိုက်နာကြရေး၊  အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေကျပ် ၅ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)