တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်သို့ရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်သို့ရောက်ရှိ






MNP ၊ စက်တင်ဘာ ၁၄

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ စစ်ဦးစီးချုပ် စောစတီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ကရင်ပြည်နယ်၊ ဘားအံမြို့မှ နေပြည်တော် Horizon Lake View Hotel သို့ ယနေ့မွန်းလွဲပိုင်းတွင် မော်တော်ယာဉ်များဖြင့် ရောက်ရှိကြရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံပြည်သူများက ထာဝငြိမ်းချမ်းရေးကိုရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ စသည့်စာသားပါဆိုင်းဘုတ်များ ကိုင်ဆောင်၍ လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍လည်းကောင်း ကြိုဆိုခဲ့ကြသည်။


 အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များနှင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ရာတွင် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ၂၀၂၂ ခုနှစ် မေ ၂၆ ရက်မှ ၂၈ ရက်အထိလည်းကောင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ဇွန် ၁၉ ရက်မှ ၂၁ ရက်အထိလည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းကြရန် သဘောတူညီနိုင်ခဲ့ကြသည်။ ယခု ဒုတိယအကြိမ် လာရောက်ဆွေးနွေးရာတွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေး လိုလားချက်နှင့် အနာဂတ်လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းရန် လမ်းဖွင့်ထားကြောင်း၊ ဆက်လက်၍ ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည့် ကျန်တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့များလည်း လာရောက်တွေ့ဆုံဆွေးနွေးရန်ရှိကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မလာရောက်သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း မည်သည့်အခြေအနေမျိုးတွင်မဆို ကြိုတင်ကန့်သတ်ချက်မထားဘဲ လာရောက် ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)