မြန်မာရွှေ့ပြောင်းလုပ်သားများ၏ မိသားစုလွှဲပို့ငွေများ အဆင်ပြေချောမွေ့စွာ ပေးပို့နိုင်ရေး ပုဂ္ဂလိကဘဏ်များ ဝန်ဆောင်မှုပေးနေမှု အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာရွှေ့ပြောင်းလုပ်သားများ၏ မိသားစုလွှဲပို့ငွေများ အဆင်ပြေချောမွေ့စွာ ပေးပို့နိုင်ရေး ပုဂ္ဂလိကဘဏ်များ ဝန်ဆောင်မှုပေးနေမှု အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ကြည့်ရှုစစ်ဆေး


MNP ၊ စက်တင်ဘာ ၁

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ပင်လုံခန်းမ၌ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် စေလွှတ်မည့် အလုပ်သမားများကို ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း) လိုင်စင်ရအေဂျင်စီများက စာချုပ်ချုပ်ဆို ပေးနေမှုနှင့် မိသားစုလွှဲပို့ငွေများ အဆင်ပြေချောမွေ့စွာ ပေးပို့နိုင်ရေး ပုဂ္ဂလိကဘဏ်များမှ ဝန်ဆောင်မှုပေးနေမှုများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးက အလုပ်သမားများထံမှ ကောက်ခံရမည့် ဝန်ဆောင်စရိတ် နှုန်းထားကို သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံခြင်းမပြုရန်၊ ထိုင်းနိုင်ငံဘက်နှင့် မြန်မာနိုင်ငံဘက်မှ သတ်မှတ်ထားသည့် ဝန်ဆောင်စရိတ်ထက် ပိုမိုပေးဆောင်ရခြင်း မရှိရေး လိုင်စင်ရအေဂျင်စီများက အလေးထားဆောင်ရွက်ရန်နှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် အခက်အခဲရှိပါက ရွှေ့ပြောင်းအလုပ်သမားဌာနခွဲနှင့် တိုင်ကြားမှုဌာနသို့ သတ်မှတ်ထားသည့် ဖုန်းနံပါတ်များဖြင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း။

မြန်မာနိုင်ငံသားများအနေဖြင့် လိုင်စင်ရအေဂျင်စီများဖြင့် ချိတ်ဆက်ခြင်းမရှိဘဲ တရားမဝင် ပို့ဆောင်သူ/ ပွဲစားများနှင့် ချိတ်ဆက်၍ တရားမဝင် သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝ မရရှိခြင်းနှင့် အခြားသော လူ့အခွင့်အရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ပြီး အခက်အခဲမျိုးစုံ ကြုံတွေ့လာနိုင်သဖြင့် MoU လုပ်ငန်းစဉ်အတိုင်း တရားဝင် သွားလာရန်လိုကြောင်း။

ပြည်ပသို့ တရားဝင် သွားရောက်လုပ်ကိုင်ခြင်းဖြင့် ဥပဒေနှင့်အညီ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝ ရရှိနိုင်ပြီး လူကုန်ကူးခံရမှု မဖြစ်ပွားနိုင်ခြင်း၊ ဆိုက်ရောက်နိုင်ငံများ၌ လွတ်လပ်စွာ သွားလာနိုင်ခြင်း၊ လုပ်ငန်းခွင်၌ စိတ်ချလုံခြုံစွာ လုပ်ကိုင်နိုင်ခြင်း အကျိုးကျေးဇူးများ ခံစားရမည်ဖြစ်ကြောင်း။

ပြည်ပတွင် နေထိုင်စဉ် ရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ပေးပို့သည့် ဝင်ငွေသည် နိုင်ငံ့စီးပွားအတွက် များစွာ အထောက်အကူဖြစ်စေ၍ မိသားစုလွှဲပို့ငွေများ တရားဝင်လွှဲပို့နိုင်ရေး အေဂျင်စီများအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများကို ဆိုက်ရောက်နိုင်ငံရှိ ဗဟိုဘဏ်မှ ခွင့်ပြုပေးထားသော ပုဂ္ဂိလိက မြန်မာနိုင်ငံသားဘဏ်များဖြင့် ချိတ်ဆက်ပေးပို့နိုင်ရေး ကူညီဆောင်ရွက်ပေးရန်လိုကြောင်း။

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် လက်ခံနိုင်ငံသို့ အလုပ်သမားမထွက်ခွာမီ မြန်မာနိုင်ငံရှိ နိုင်ငံခြားငွေ လွှဲပို့နိုင်မည့် ဘဏ်တစ်ခုခု၌ ဘဏ်စာရင်းဖွင့်လှစ်၍ အဆိုပါဘဏ်မှတစ်ဆင့် မိသားစုလွှဲပို့ငွေကို မြန်မာအလုပ်သမားမှ တရားဝင်လွှဲပို့နိုင်ရေးအတွက် အေဂျင်စီမှ ကူညီဆောင်ရွက်ပေးရန်နှင့် စည်းကမ်းချက်နှင့်အညီ စေတနာထား ဆောင်ရွက်ပေးရန်လိုကြောင်း။

ပြည်ပမှ ငွေလွှဲသည့် ဝန်ဆောင်မှု ဆောင်ရွက်ခွင့်ရရှိထားသည့် ရွှေဘဏ်၊ ကမ္ဘောဇဘဏ်၊ United Amara ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာမိုဘိုင်းလ် ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီလီမီတက်မှ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအတွက် မိသားစုလွှဲပို့ငွေများ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးလျက်ရှိရာ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ယုံကြည်စိတ်ချစွာ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း မှာကြားသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ပြန်လည်ပေးပို့သော မိသားစုလွှဲပို့ငွေမှာ အမေရိကန်ဒေါ်လာ ၂၆၄ သန်းကျော်ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)