MNP ၊ စက်တင်ဘာ ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ပြုလုပ်ခဲ့သည့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေးအတီးပြည်နယ်အဆင့်ပြိုင်ပွဲနှင့် တူယှဉ်နွှဲပျော်ဂီတပွဲတော် Season 2 ပြိုင်ပွဲတို့တွင် ဆုအသီးသီးရရှိခဲ့ကြသည့် မြို့နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သထုံမြို့၊ လေယာဉ်ကွင်းဟောင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဂုဏ်ပြုပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်စိုးက ပြိုင်ပွဲအသီးသီးသို့ သွားရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များက ဆုရ အဆို၊ အက၊ အတီးများဖြင့် သရုပ်ပြဖျော်ဖြေကြရာ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်ဟိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပြိုင်ပွဲဝင်များကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းတင်နွယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ပြုလုပ်ခဲ့သည့် အဆို၊ အက၊ အရေးအတီး ပြည်နယ်အဆင့်ပြိုင်ပွဲများတွင် သထုံမြို့နယ်အနေဖြင့် တူယှဉ်နွှဲပျော်ဂီတပွဲတော် Season 2 ၌ မြန်မာ့ကြွေးကြော်သံသီချင်းဖြင့် အထူးဆု၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေးအတီး ပြည်နယ်အဆင့်ပြိုင်ပွဲများတွင် အသက်(၁၀)နှစ်မှ(၁၅)နှစ် မွန်တစ်ပင်တိုင်အက ပြိုင်ပွဲ၌ ဒုတိယဆု၊ အလွတ်တန်း မွန်တစ်ပင်တိုင်အကပြိုင်ပွဲ၌ တတိယဆု၊ ပညာရှင်အဆင့် မွန်ရိုးရာမိချောင်းတူရိယာ အတီးပြိုင်ပွဲ၌ ပထမဆုနှင့် အသက်(၁၀)နှစ်မှ(၁၅)နှစ် ဆိုင်းဝိုင်းကြီးအတီးပြိုင်ပွဲ၌ ဒို့ဗိုလ်မ အမျိုးသမီးဆိုင်းအဖွဲ့က ပထမ ဆုတို့ကို အသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
နဒီ
https://t.me/MyanmarNationalPost






No comments:
Post a Comment