နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များထံ အိတ်ဖွင့်ပေးစာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များထံ အိတ်ဖွင့်ပေးစာ



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် လူကြီးမင်းများအား လေးစားစွာ တင်ပြအပ်ပါသည် -

ကျွန်တော်/ ကျွန်မတို့သည် ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ကျေးရွာမှ အချင်းဖြစ် မြေယာများမှ တောင်သူများဖြစ်ပါသည်။ ကျွန်မတို့၏ လယ်ယာမြေများအား ကျေးရွာဥက္ကဋ္ဌ က နိုင်ငံတော်အာဏာကို အလွဲသုံးစားလုပ်၍ ရယူသွားခဲ့ပြီး အဆင့်ဆင့်လွှဲပြောင်းရောင်းချခဲ့ခြင်းကြောင့် ဓမ္မဦးချ လုပ်ကိုင်ခဲ့သော ဒေသခံတောင်သူများ နစ်နာဆုံးရှုံးခဲ့ရသည့် အခြေအနေအရပ်ရပ်ကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်မှစ၍ တင်ပြခဲ့ပါသည်။

သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း အကြီးအကဲများမှ ညွှန်ကြားသဖြင့် စစ်ဆေးဆောင်ရွက်မှုတချို့ ရှိခဲသော်လည်း ပြီးပြတ်အောင် ဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။ ထို့အတူ NLD အစိုးရ တက်လာသည့်အချိန်တွင်လည်း တော်သူများ နစ်နာဆုံးရှုံးခဲ့ရသည့် အခြေအနေနှင့် လယ်ယာမြေများပေါ်တွင် ဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ ခြံကွက်များရိုက်၍ ရောင်းချနေမှု အခြေအနေများကို တင်ပြခဲ့ပါသည်။ NLD အစိုးရလက်ထက်တွင်လည်း ကျွန်မတို့၏ တင်ပြတိုင်ကြားမှုများအပေါ် ပြီးပြတ်အောင် ဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။

ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အပြောင်းအလဲဖြစ်ပေါ်လာပြီးနောက် ဆယ်စုနှစ်တစ်ခုကျော်ကြာ ကျွန်တော်/ ကျွန်မတို့ တောင်သူများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို တင်ပြခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အပြောင်းအလဲ ဖြစ်ပေါ်လာပြီးနောက် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးရုံးရှေ့တွင် ပြင်ဦးလွင်မြို့နယ်အတွင်း လယ်ယာမြေများကို အခြားနည်းသုံးစွဲခွင့် ခွင့်ပြုထားခြင်းမရှိဘဲ အခြားနည်းသုံးစွဲပါက ဥပဒေအရ အရေးယူခံရမည်ဟူသော ဆိုင်းဘုတ်ကို စိုက်ထူခဲ့ပါသည်။ ကျွန်မတို့ တောင်သူများအနေဖြင့် အချင်းဖြစ် လယ်ယာမြေပေါ်တွင် ဦးသိန်းစိန် အစိုးရလက်ထက်မှ စ၍ ယနေ့တိုင်အောင် ခြံကွက်ရိုက်၊ ခြံစည်းရိုးခတ်၊ အဆောက်အဦးများ ဆောက်လုပ်နေသူများကို မည်သည့်အတွက်ကြောင့် အရေးမယူသနည်းဟု မေးခွန်းထုတ်ခဲ့ပါသည်။

အချင်းဖြစ်လယ်ယာမြေများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကျွန်တော်/ ကျွန်မတို့ တောင်သူများအနေဖြင့် တင်ပြခဲ့ရာတွင် လယ်ယာမြေများမှာ စာရွက်ပေါ်တွင်သာ လယ်ယာမြေစာရင်းပေါက်နေသော်လည်း မြေပြင်အခြေအနေတွင် လယ်ယာမြေဟု ပြသစရာ အနည်းငယ်သာ ရှိတော့ခြင်းကြောင့် အချင်းဖြစ်မြေယာများထဲတွင် သက်ဆိုင်ရာ နိုင်ငံတော်တာဝန်ရှိ အကြီးအကဲများ၊ အရာရှိကြီးများ ပါဝင်ပတ်နေသည် ဆိုပါလျှင်လည်း ကျွန်တော်/ ကျွန်မတို့ တောင်သူများအား ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြောဆိုပြီး တရားဝင် ပြီးပြတ်အောင် ဖြေရှင်းပေးရန် တောင်းဆိုခဲ့ပါသည်။

နိုင်ငံတော်လူကြီးမင်းများ ခင်ဗျာ -

(၈-၉-၂၀၂၂) ရက်နေ့က ညနေ ( ၄ ၀၀)နာရီ အချိန်ခန့်က ရေငယ်ကျေးရွာ ရပ်ကျေးအုပ်ချုပ်ရေးမှူးမှ ကျွန်တော်/ ကျွန်မတို့ တောင်သူများအား အကြောင်းကြားသဖြင့်  ရေငယ်ကျေးရွာ၊ ကွင်းအမှတ် (၆၈၀)တွင် သွားရောက် စောင့်စိုင်းခဲ့ပါသည်။ ညနေ (၆ ၀၀) နာရီဝန်းကျင်တွင် မြိုကနယ် လယ်စီဥက္ကဋ္ဌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးတင်အောင်လွင်၊ လယ်စီအတွင်းရေးမှူး မြေစာရင်းဦးစီးအရာရှိ ဦးသက်ခိုင်၊ ကွင်းစာရေး ဦးနန္ဒလွင်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးကိုဦး၊ ရပ်ကျေးထွေအုပ်စာရေး ဦးရဲလင်းထက် ပါ (၈) ဦး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

လယ်စီဥက္ကဋ္ဌ ဦးတင်အောင်လွင် က တောင်သူများအား ဤနေရာကို မည်သူပိုင်ဆိုင်ကြောင်း လာရောက်ပြောဆိုခြင်း မဟုတ်ကြောင်း၊ အကွက်ရိုက် တံတိုင်းကာ အိမ်များလည်း အနည်းငယ်ဆောက်ထားသဖြင့် ပုံစံ(၇) ပေး၍ မရကြောင်း၊ ၎င်းမြေနေရာအား မည်သူ့ကိုပေးသင့်ကြောင်း ဆုံးဖြတ်ရအုံးမည်ဖြစ်ကြောင်း ပြောပြီး ပြန်သွားကြပါသည်။ 

(၁၆-၉-၂၀၂၂) ရက်နေ့ ညနေ(၄ ၀၀)နာရီ ဝန်းကျင်တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီး ဦးတင်အောင်လွင်အား စုံစမ်းမေးမြန်းရာတွင် ဦးတင်အောင်လွင်မှ ကွင်းဆင်းစစ်ဆေးခြင်းကို အစည်းအဝေးထိုင်ပြီးဖြစ်ကြောင်း၊ နောက်မှ အစည်းအဝေးဆုံးဖြတ်ချက်ကို အကြောင်းကြားမည်ဖြစ်ကြောင်း ပြောပါသည်။

ထိုနေ့မှာပင် ခရိုင်လယ်စီအတွင်းရေးမှူးထံ သွားရောက်စုံစမ်းရာ ဒေါ်မိမိလေးပါ (၈၆)ဦးနှင့် ဒေါ်ခင်မေမြင့်ပါ တောင်သူ (၁၀) ဦးတို့ ပုံစံ(၇) လျှောက်ထားခြင်းကို ငြင်းငယ်ပြီး အားလုံးကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း သိခဲ့ရပါသည်။ ဒါဆို ကျွန်မတို့အနေဖြင့် လက်လွတ်ဆုံးရှုံးမှာဖြစ်ပြီး လယ်ယာမြေများပေါ်တွင် အကွက်ရိုက်၍ အရောင်းအဝယ်လုပ်နေသူများ၊ အိမ်ယာဆောက်လုပ်နေသူများ ဒီအတိုင်းပဲ ကြည့်နေမှာလား ဟု မေးခွန်းထုတ်ခဲ့ရာ လိပ်စာသိရသော ဥပဒေမဲ့ လုပ်သူ ၁၃၉ဦးအား တရားစွဲဆိုနေပြီဖြစ်ကြောင်း နှင့် လိပ်စာမသိသူများကို ဒီအတိုင်း ထားရကြောင်း ပြောပါသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် လူကြီးမင်းများ ခင်ဗျာ -

နိုင်ငံတော်အကြီးအကဲများအနေဖြင့် ပြည်သူများ၏ အခက်အခဲ အကြပ်အတည်းကို ဖြေရှင်းပေးလိုသည် ဟု ခြွင်းချက်မရှိ ယုံကြည်ပါသည်။ သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း ဖြေရှင်းဆောင်ရွက်ရန် ညွှန်ကြားမှုများ ရှိခဲ့ပြီး NLD အစိုးရလက်ထက်တွင်လည်း ညှိနှိုင်းဖြေရှင်းရန် ညွှန်ကြားမှုများ ရှိခဲ့ပါသည်။ သို့သော် ကျွန်တော်/ ကျွန်မတို့ နေထိုင်ရာ ပြင်ဦးလွင်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများမှာ နိုင်ငံတော်အကြီးအကဲများ က ညွှန်ကြားသည့်အခါ အရေးပေါ် ထလုပ်ပြီး အမေ့ခံ၍ ထားခြင်းကြောင့် ကျွန်မတို့ ရင်ဆိုင်နေရသည့် ပြဿနာမှာ အစိုးရ သုံးဆက် ဆယ်စုနှစ်တစ်စုကျော် ကြာမြင့်ခဲ့ခြင်းဖြစ်ပါတယ်။

 နိုင်ငံတော်အကြီးများက ပြည်သူများ၏ တင်ပြမှုများအပေါ် ဖြေရှင်းဆောင်ရွက်ရန် ညွှန်ကြားသည်မှာ မှန်ကန်သော်လည်း လယ်ယာမြေများကို မမှန်မကန် ရယူပြီး ဥပဒေမဲ့ လုပ်နေသူများမှာလည်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပက်သက်နေခြင်းကြောင့် မြို့နယ်၊ ခရိုင်အဆင့် တာဝန်ရှိသူများမှာ ဥပဒေနှင့်အညီ လုပ်ဆောင်ရန် အခက်အခဲရှိနေခြင်းကြောင့် အချိန်စွဲလို့ ရသမျှ အချိန်စွဲပြီး ဥပဒေမဲ့ လုပ်ခွင့်ရအောင် လမ်းဖွင့်ပေးထားခြင်း ဖြစ်လိမ့်မည် ထင်ပါသည်။

လယ်ယာမြေများပေါ်တွင် လမ်းဖောက်ခြင်း၊ ခြံကွက်ရိုက်ခြင်း၊ အိုးအိမ်များဆောက်လုပ်ခြင်း ကိစ္စမှ နေ့မြင် ညပျောက် ဖြစ်သွားသည့် အရာများမဟုတ်ဘဲ တစ်နေ့ထက် တစ်နေ့ ပိုမိုထင်ရှားလာသည့် လုပ်ဆောင်ချက်များကို ဆယ်စုနှစ်တစ်ခုကျော်ကြာ လုပ်ကိုင်ခွင့် ရနေသည်ကို ဆင်ခြင်သုံးသပ်ကြည့်မည်ဆိုလျှင် သိနိုင်ပါသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် လူကြီးမင်းများခင်ဗျာ -

ကျွန်တော်/ ကျွန်မတို့ အနေဖြင့် မတော်လောဘဖြင့် တင်ပြ ပြောဆိုနေခြင်း မဟုတ်ဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြီးပြတ်အောင် ဖြေရှင်းဆောင်ရွက်ပေးစေလိုခြင်းကြောင့်သာ ပွင့်လင်းမြင်သာစွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးကို ရှေးရှုတင်ပြနေခြင်း ဖြစ်ပါသည်။ မြေယာများကို ခြံကွက်ရိုက် ရောင်းနေသူများမှာ EPC ကိုလည်း နိုင်ပါသည်။ မီးတိုင်စိုက်မည်၊ ဓာတ်ကြိုးသွယ်မည် အားလုံး ခိုင်းနိုင်ပါသည်။ လုပ်ပေးထားပြီးလည်း ဖြစ်ပါသည်။ ထိုသို့ မီးတိုင်စိုက်သည့် အခါ ဓာတ်တိုင်ထောင်မည့် နေရာအတွက် တောင်သူများကို ခေါ်ယူညှိနှိုင်းမှုများ ရှိခဲ့ပါသည်။ တောင်သူများကို မြေယာလျော်ကြေးပေးခြင်းမျိုးမဟုတ်ဘဲ ဓာတ်တိုင်စိုက်သည်ကို သဘောတူခွင့်ပြုကြောင်း၊ ဤမြေယာများနှင့် ပတ်သက်၍ နောက်နောင် ဝင်မရှုပ်တော့ပါကြောင်း ငွေပေး၍ လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ အချို့သော တောင်သူများမှာလည်း မိသားစု စားဝတ်နေရေးအခက်အခဲကြောင့် ၎င်းတို့ပေးသည့်ပမာဏအတိုင်း သဘောတူလက်ခံပြီး ကျေနပ်ခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ပါသည်။

ကျွန်တော်/ ကျွန်မတို့ အနေဖြင့် ဖြစ်ပေါ်လျက်ရှိသော ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ကျေးရွာ၊ ကွင်းအမှတ် (၆၈၀) မှ အချင်းဖြစ်မြေယာများနှင့် ပတ်သက်၍ နိုင်ငံတော်အကြီးအကဲများက သီးခြားစီစဉ်စေလွှတ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခြင်းကို လိုလားပါသည်။ ကျွန်တော်/ ကျွန်မတို့ တောင်သူများ ဘက်က ဥပဒေမဲ့ လုပ်ထားသည်များ ရှိပါလျှင် ချက်ချင်းအရေးယူဆောင်ရွက်နိုင်ပါသည်။ ထို့အတူ မြေယာများကို ရယူထားသူများဘက်က ဥပဒေမဲ့ လုပ်နေသည်များကို စိစစ်တွေ့ရှိလျှင်လည်း အရေးယူဆောင်ရွက်စေလိုပါသည်။ 

အချင်းဖြစ် မြေယာများနှင့် ပတ်သက်၍ ကျွန်တော်/ ကျွန်မတို့ အနေဖြင့် နောင်တက်လာမည့် အစိုးရလက်ထက်သို့လည်း မရောက်ချင်တော့ပါ။ ပြည်သူများအပေါ် ကျောသား/ ရင်သားမခွဲခြားဘဲ ဥပဒေစိုးမိုးရေးကို အလေးအနက်ထား ဆောင်ရွက်နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် မည်သို့ပင် ဖြေရှင်းစေကာမူ ပွင့်လင်းမြင်သာစာ ဖြေရှင်းဆောင်ရွက်ပေးပါက ကျွန်တော်/ ကျွန်မတို့ တောင်သူများဘက်က ကျေကျေနပ်နပ် လက်ခံမည်ဖြစ်ပါသဖြင့် အမြန်ဆုံး ပြီးပြတ်အောင် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြတောင်းဆိုအပ်ပါသည်။


ဒေါ်ခင်မေမြင့် ပါ တောင်သူ (၁၀)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)