(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပမည့် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပမည့် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံအား ကြည့်ရှုစစ်ဆေး


MNP ၊ စက်တင်ဘာ ၃၀

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကို နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ နေပြည်တော် မြို့တော်ခန်းမ လဟာပြင် ကဇာတ်ရုံ၌ ကျင်းပရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်။


ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်း၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပဒေသာကပွဲ ကျင်းပမည့် နေပြည်တော် မြို့တော်ခန်းမ လဟာပြင် ကဇာတ်ရုံကို ကြည့်ရှုစစ်ဆေးကြသည်။


ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည် မြို့တော်ခန်းမ လဟာပြင် ကဇာတ်ရုံ အနီးရှိ အစည်းအဝေး ခန်းမ၌ ရုပ်ရှင် ဒါရိုက်တာများ၊ အနုပညာရှင်များနှင့် တွေ့ဆုံသည်။


တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ ရုပ်ရှင်ဒါရိုက်တာများ၊ အနုပညာရှင်များ တက်ရောက် ကြသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးပြောကြားရာတွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကြီးကို နေပြည်တော်၌ ၅ ရက်ကြာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ ပဒေသာကပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပမည့်နေရာကို ယနေ့တွင် မြေပြင် ကွင်းဆင်း ကြည့်ရှုပြီး လိုအပ်သည်များ တိုင်ပင်ဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ ပဒေသာကပွဲကို တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့၊ အဖွဲ့အစည်း တစ်ခုအတွက် ကျင်းပခြင်း မဟုတ်ဘဲ (၇၅) နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ပြည်သူများ အားလုံးအတွက် ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများ၊ အနုပညာရှင်များ၊ ပြည်သူများ အားလုံးက လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နားလည်မှု၊ စေတနာ အရင်းခံတို့ဖြင့် ပူးပေါင်း ဆောင်ရွက်ပါက အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း။


ပဒေသာကပွဲတွင် ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များ၊ ဝန်ထမ်းများက ပူးပေါင်းပါဝင် ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်ပြီး တစ်နေ့လျှင် ၄ နာရီခန့် ကြာမြင့်မည်ဟု လျာထားပါကြောင်း၊ ယခု ပဒေသာကပွဲကို ထူးခြားသည့် တင်ဆက်မှုများဖြင့် ကပြဖျော်ဖြေ နိုင်ရန် စီစဉ် ဆောင်ရွက်ကြစေလို ပါကြောင်း၊ ကိုဗစ် - ၁၉ ကြောင့် ရပ်နားထားရသည့် နောက်ပိုင်း အနုပညာရှင်များ ပြန်လည်စုစည်း ဖျော်ဖြေ တင်ဆက်သည့် ပထမဆုံး ပွဲတစ်ပွဲလည်း ဖြစ်ပါကြောင်း၊ ကိုဗစ် - ၁၉ ကြောင့် စိတ်ညစ်ညူးနေသည့် ပြည်သူများကို အနုပညာရှင်များက လေးနက်သည့် အနှစ်သာရများဖြင့် စိတ်အပန်းပြေစေရန်၊ စိတ်ရွှင်လန်း တက်ကြွစေရန် ဆောင်ရွက်နိုင်သည့် ပွဲဟုလည်း ဆိုချင်ပါကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က လွတ်လပ်ရေး၏ အနှစ်သာရနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကြီး ‌အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ တက်ရောက် လာကြသူများက ပဒေသာကပွဲ ကြီး ကျင်းပနိုင်ရန် လိုအပ်သည်များကို ဆွေးနွေး တင်ပြကြသည်။


ယင်းနောက် ပြည်ထောင်စု ဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရုပ်ရှင် ဒါရိုက်တာများ၊ အနုပညာရှင်များသည် ပဒေသာကပွဲကျင်းပမည့် လဟာပြင်ကဇာတ်ရုံအတွင်း မီးဆလိုက်ဆင်မည့် နေရာများ၊ တီးဝိုင်းအဖွဲ့ ထားရှိမည့်နေရာများ၊ ဇာတ်စင်အနေအထား၊ အဝတ်အစား လဲမည့်ခန်းမ၊ နေထိုင်စားသောက်ရေး နေရာများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)