ကျွန်မသည် ကွင်းအမှတ် (၅၉၉-ဂ)၊ ဦးပိုင်အမှတ်(၁၆/၁)၏ မူလပိုင်ရှင် အမည်ပေါက် ဦးရာ(ခ) ဦးထွန်းနု၏ သမီးဖြစ်ပြီး အောင်ချမ်းသာရပ်ကွက်(၃)၊ အင်ဒိုင်းကျေးရွာ၊ တောင်ငူမြို့နယ်တွင် နေထိုင်ပါသည်။
မိဘ၏ လက်ငုတ်လက်ရင်းဖြစ်သော လယ်ယာမြေ(၁၈)ဧကအား တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ နေပူကုန်းကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များဖြစ်ကြသော ဦးစိန်မြင့်မှ (၃.၀၀)ဧက၊ ဦးမောင်ပု(ခ) ဦးလှမြင့်မှ (၈.၀၀)ဧက နှင့် ဦးမောင်သိန်းမှ (၇.၀၀)ဧက ရောင်းစားသွားခဲ့ပါသည်။ ဦးစိန်မြင့်၊ ဦးမောင်ပု(ခ)ဦးလှမြင့်၊ ဦးမောင်သိန်းတို့သည် ကျွန်မတို့၏ လယ်ယာမြေအား တစ်ဧကလျှင် (၈၅၀၀၀၀ိ/) ရှစ်သိန်းငါးသောင်းနှုန်းဖြင့် အသီးသီးရောင်းချခဲ့ကြောင်း သိရှိရသောကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားခဲ့ရာ မြို့နယ်ရုံးမှ ရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ပြန်လည်စိစစ်ခိုင်းခဲ့ပါသည်။
ရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ခရိုင်လယ်ယာမြေစီမခန့်ခွဲမှုအဖွဲ့များသို့ သတ်မှတ်ထားသော နေ့ရက်များတွင် အချိန်မီတင်ပြခဲ့သော်လည်း လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်၏ ဆုံးဖြတ်ချက်များမှာ ကျေနပ်ဖွယ်ရာမရှိ၊ ညီညွတ်မျှတမှုမရှိခဲ့ပါ။
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် စစ်ဆေးစဉ်အခါက လယ်ယာမြေအား ရောင်းချခဲ့သူများသည် ၎င်းတို့ရောင်းချခဲ့သည်မှာ မှန်ကန်ကြောင်း ထွက်ဆို၍ တစ်ဧကလျှင် (၁)သိန်းနှုန်း ကျွန်မတို့အား ပေးလျော်မည်ဟု ညှိနှိုင်းခဲ့ရာ ကျွန်မတို့အနေဖြင့် လက်ခံနိုင်ခြင်းမရှိဘဲ မိဘ၏ လက်ငုတ်ဖြစ်သော လယ်ယာမြေများသာ ပြန်လည်ရယူလိုကြောင်း ပြောကြားခဲ့ပါသည်။
ကျွန်မအနေဖြင့် မိဘများ ကွယ်လွန်တိမ်းပါးပြီးနောက် ညီအစ်ကိုမောင်နှမများ၏ စားဝတ်နေရေးအခက်အခဲများကို ဦးဆောင်ဖြေရှင်းနေရသည်ဖြစ်ရာ မိမိတို့၏ လယ်ယာမြေကို အလွဲသုံးစားပြုလုပ်၍ ရောင်းချသွားသောဖြစ်စဉ်ပေါ်ပေါက်လာသည့်နောက်ပိုင်း ဦးဆောင်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ သက်ဆိုင်ရာတာဝန်ရှိသူများထံ လိုအပ်သော စာရွက်စာတမ်းမိတ္တူများနှင့်တကွ တင်ပြတိုင်ကြားခဲ့ပါသည်။
ထိုသို့ တင်ပြတိုင်ကြားခဲ့သော်လည်း ကျွန်မတို့၏ အခက်အခဲကို ပြေလည်အောင်ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိ၊ အလွဲသုံးစားလုပ်၍ ရောင်းစားသွားသူများကိုယ်တိုင်က ဝန်ခံထွက်ဆိုပါလျှက် အရေးယူဆောင်ရွက်ခြင်း မရှိသောကြောင့် ပြေလည်မှုမရခဲ့ပါ။
ကွင်းအမည် - ဖိုးသိန်းကွင်း၊ ကွင်းအမှတ် - (၅၉၉-ဂ)၊ ဦးပိုင်အမှတ် -၁၆/၁၊ မူလအမည်ပေါက် ဦးရာ၏ လယ်ယာမြေ (၁၈) ကနှင့် ပတ်သက်၍ ပိုင်ရှင်ကို အသိမပေးဘဲ ရောင်းစားခဲ့သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန်နှင့် ဦးရာ၏ သားသမီးများဖြစ်ကြသော ကျွန်မတို့ မောင်နှမများ ပြန်လည်လုပ်ကိုင်ခွင့် ရရှိရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ပါရန် အလေးထားတင်ပြနေခြင်းဖြစ်ပါသည်။ ကျွန်မတို့ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ပတ်သက်၍ နိုင်ငံတော်အကြီးအကဲများအနေဖြင့် လိုအပ်သော စီစဉ်ညွှန်ကြားဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ပါရန် ရိုသေစွာတင်ပြအပ်ပါသည်။
ဒေါ်အေးဝင်း (ဘ) ဦးရာ
(မှတ်ချက် - အထက်ဖော်ပြပါ အကြောင်းအရာနှင့် ပတ်သက်၍ နစ်နာသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးများသို့ အဆင့်ဆင့် တင်ပြတိုင်ကြားခဲ့ပြီး ဖြစ်သော်လည်း ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် မြန်မာနေရှင်နယ်ပို့သို့ ဆက်သွယ်လာသည့်အပေါ် တာဝန်ရှိသူများအနေဖြင့် နစ်နာသူကုစားရေး၊ ဥပဒေချိုးဖောက်သူကို တိတိကျကျ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဖော်ပြပေးခြင်းဖြစ်ပါသည်။)
https://t.me/MyanmarNationalPost

No comments:
Post a Comment