MNP - စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မန်းကြာကျေးရွာအုပ်စုရှိ စားဝတ်နေရေးခက်ခဲသော ပြည်သူများအား ဆန်(၁)ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို အဆိုပါကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းအတွင်း၌ ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျုံပျော်မြို့နယ် စစ်ကြောင်းကြီး(၅)ကြောင်းမှ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သိန်းစိုးဝင်းနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ က ဆင်းသုခဆန်အိတ် (၅) အိတ်ရှိ ဆန်များအား တစ်ပြည်လျှင် ၁၀၀၀ ကျပ်နှုန်း (ကြိုက်သလောက်ယူ) စနစ်ဖြင့် စားဝတ်နေရေး ခက်ခဲသော ပြည်သူများအား ဈေးလျော့ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကူညီဆောင်ရွက်ပေးခြင်းကို အထူးကျေးဇူးတင်ရှိကြောင်း၊ လက်ရှိစားဝတ်နေရေး ခက်ခဲသောအချိန်တွင် ဆန်သည် အဓိက စားကုန်ဖြစ်သည့်အတွက် ယခုကဲ့သို့ ဈေးနှုန်းလျှော့ချ၍ ရောင်းချပေးခြင်းကို ဝမ်းသာပါ ကြောင်း ကျေးရွာရှိ ပြည်သူတစ်ဦးက ပြောသည်။
ထိုသို့ ပြည်သူများ စားဝတ်နေရေး တဖက်တလမ်းမှ အဆင်ပြေရန်အတွက် ဆန်များအား ဈေးနှုန်းလျှော့ချ၍ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ မြို့ချောင်း၊ ဇင်ပြွန်းကုန်း၊ ချောင်းစောက် စသည်ကျေးရွာများတွင်လည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - လပြည့်ဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment