CHIA MOON SPORTS (Myanmar) Co;Ltd အထည်ချုပ် စက်ရုံဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

CHIA MOON SPORTS (Myanmar) Co;Ltd အထည်ချုပ် စက်ရုံဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံ

 



MNP - စက်တင်ဘာ   ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်ရှိ CHIA MOON SPORTS (Myanmar) Co;Ltd အထည်ချုပ်စက်ရုံ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် (Booster Dose) Myancopharm ဆေးကို ယမန်နေ့ နံနက်ပိုင်းက ထိုးနှံပေးခဲ့သည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံမှုအား ပုသိမ်ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့များမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်ဝင်းအောင်က ဦးဆောင်ကာ ကျန်းမာရေးဆရာမများက ထိုးနှံပေးခဲ့သည်။


ဧရာဝတီတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှူး ဦးအောင်ငြိမ်းက ကိုဗစ်-၁၉ ကာကွယ်ဆေးကို စက်ရုံတွင်လုပ်ကိုင်ကြသည့် အလုပ်သမားဦးရေကို စာရင်းကောက်ယူကာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကာကွယ်ဆေးထိုးနှံပေးနိုင်ပါရန် တင်ပြပေးပြီး ဆောင်ရွက်ပေးနေရကြောင်းပြောကြားခဲ့သည်။


ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ထိုးနှံပေးခြင်း ဖြစ်ကြောင်း၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံခြင်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ဒုတိယအကြိမ် ထိုးနှံပြီးစီးမှုရာနှုန်း (၉၆%) ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း၊ အခြေခံ ပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးစီးမှု (၈၇%)ဖြစ်ပြီး အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ တတိယအကြိမ် ထပ်ဆောင်းကာ ကွယ်ဆေးထိုးနှံမှုရာနှုန်း(၃၉%) ထိုးနှံပြီးစီးခဲ့ပြီးဖြစ်ကာ၊ ကျောင်းပြင်ပ ကလေးများ၏ ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးစီးမှုရာနှုန်း (၁၂%)ဖြစ်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်းလိုက်နာ နေထိုင်ကြရန် ပြောကြားသည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခဲ့ကြသည့် အထည်ချုပ်စက်ရုံမှ မနွယ်ဇာဖြိုးက ကာကွယ်ဆေး ထိုးနှံမှု တတိယအကြိမ်သို့ ရောက်ခဲ့သည့်တိုင် မည်သည့်ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့ကြောင်း၊ နိုင်ငံတော် အကြီးအကဲများက အခုလိုကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးမှုအပေါ် လွန်စွာမှ ကျေးဇူးတင်ရှိကြောင်း၊ ယခုလို မြို့ပေါ်ရပ်ကွက်များတွင် သာမက ကျေးရွာများရှိ ကျေးလက် ကျန်းမာရေးဌာနများတွင်လည်း ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် လာရောက် ထိုးနှံပေးစေလိုကြောင်း၊ ကျေးလက်ဒေသများတွင် ကာကွယ်ဆေးမထိုးရသေးသူများ ရှိနေသေးကြောင်း၊ နိုင်ငံတော်မှ စေတနာထား၍ ဆောင်ရွက်နေမှုများကို အထူးကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။


ယနေ့ဆောင်ရွက်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Myancopharm ဆေးကို CHIA MOON SPORTS(Myanmar) Co;Ltd  စက်ရုံအတွင်းရှိ အလုပ်သမားဦးရေ စုစုပေါင်း(၆၈၈) ထိုးနှံပေးခဲ့ကြောင်း သိရသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)