MNP ၊ စက်တင်ဘာ ၁၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွတွင် အချိုးကျကိုယ်စားပြုစနစ် ( PR ) သို့ ပြောင်းလဲကျင့်သုံးမည် ဖြစ်သည့်အတွက် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဟောပြောဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ က ယမန်နေ့က ကျင်းပသည့် အစည်းအဝေးတွင် ထည့်သွင်းပြောကြားသွားသည်။
မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် နေပြည်တော်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်း၊ မဲရုံနေရာများ သတ်မှတ် ခွဲဝေခြင်း၊ မဲရုံသုံးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းခွဲဝေခြင်းစသည့် ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်များကို စီစဉ်ဆောင်ရွက်သည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ( ၂၀၀၈ ခုနှစ် )နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပပြုလုပ်ပေးရမည်ဖြစ်သည့်အတွက် မဲဆန္ဒရှင် ပြည်သူများ လွတ်လပ်ပြီး ဥပဒေနှင့်အညီ မဲပေးနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းများဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေး မဲရုံနေရာများ သတ်မှတ်ခွဲဝေခြင်း၊ မဲရုံသုံးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းခြင်း စသည့် ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် ဆောင်ရွက်နိုင်ရေး ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေး ဖြစ်ကြောင်း သိရသည်။
နိုင်ငံသားများအနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်စွာ မဲပေးနိုင်ရန်အတွက် မဲပေးရာတွင် ပြည့်စုံရမည့် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူကတ် တစ်မျိုးမျိုးနှင့် အိမ်ထောင်စုဇယား ပုံစံ ( ၆၆/၆ ) များ ရှိကြရမည်ဖြစ်ကြောင်း၊ ပုံစံ ( ၆၆/၆ ) ရှိမှသာ မိမိနေထိုင်ရာဒေသ မဲစာရင်းတွင် ပါဝင်နိုင်မည်ဖြစ်ပြီး မဲစာရင်းတွင်ပါဝင်မှသာ မဲပေးနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် တာဝန်ရှိသည့်ဌာနများမှ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် ( PR ) သို့ ပြောင်းလဲကျင့်သုံးမည် ဖြစ်သည့်အတွက် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဟောပြောဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲရုံများ သတ်မှတ် ခွဲဝေရာတွင်လည်း ဝေးလံဒေသများနှင့် ခရီးသွားလာရန်ခက်ခဲသည့်ဒေသများအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်၍ သတ်မှတ်ပေးရန်လိုကြောင်းတို့ကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိခရိုင်၊ ဒက္ခိဏသီရိခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများက မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်း၊ မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းနှင့် မဲရုံသုံးပစ္စည်းများ လိုအပ်ချက်တို့နှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြကြကာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများကလည်း အကြံပြုဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ဖြည့်စွက်မှာကြား ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment