နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Republic of Buryatia ပြည်နယ်၊ Ulan-Ude မြို့သို့ ရောက်ရှိ Ivolginsky Dastan ဘုန်းတော်ကြီးကျောင်းတို့သို့ သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Republic of Buryatia ပြည်နယ်၊ Ulan-Ude မြို့သို့ ရောက်ရှိ Ivolginsky Dastan ဘုန်းတော်ကြီးကျောင်းတို့သို့ သွားရောက်လေ့လာ









MNP ၊ စက်တင်ဘာ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Amur ပြည်နယ်၊ Blagoveshchensk မြို့၊ Ignatyevo အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် Republic of Buryatia ပြည်နယ်၊  Ulan-Ude မြို့၊ Baikal လေဆိပ်သို့ရောက်ရှိကြရာ Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov နှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov က ၎င်းတို့ ပြည်နယ်မှ နောက်ဆုံး အဆင့်မြှင့်တင်ထုတ်လုပ်ထားသည့် ရဟတ်ယာဉ်ကို လေဆိပ်၌ လိုက်လံပြသခဲ့ပြီး အတွင်းပိုင်း၊ အပြင်ပိုင်း ပြင်ဆင်ထားရှိ မှုနှင့် စွမ်းဆောင်ရည်များကို ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည် မေးမြန်း ဆွေးနွေးသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Ivolginsky Dastan ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကြရာ မဟာယန ဗုဒ္ဓဘာသာ ခေါင်းဆောင် Damba Bandmaeich Ayusheev နှင့် သံဃာ တော်များက ကြိုဆိုနှုတ်ဆက်ကြပြီး ကျောင်းတော်အတွင်း ဗုဒ္ဓသာသနာတော်ဆိုင်ရာ ဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်းပြသသည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များက ၁၂ ပါးမြောက် လားမားဘုန်းတော်ကြီး၏ ရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီး သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာ ဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားမှုအပေါ် နာယူကြည်ညိုသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား မဟာယန ဗုဒ္ဓဘာသာ ခေါင်းဆောင် Damba Bandmaeich Ayusheev နှင့် သံဃာတော်ကြီးများက ကျောင်းဧည့်ခန်းမတွင် လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဗုဒ္ဓသာသနာ တော် ထွန်းကားပြန့်ပွားရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ Ivolginsky Dastan ဘုန်းတော် ကြီးကျောင်းမှ သံဃာတော်များ မြန်မာနိုင်ငံသို့ သာသနာပြု ရောက်ရှိခဲ့စဉ် ရှေးဟောင်း ဘုရားစေတီပုထိုးများအား ရှေးမူလက်ရာမပြတ်ထိန်းသိမ်းထားရှိမှုနှင့် နေရာဒေသ တိုင်းတွင် ဗုဒ္ဓသာသနာတော် ယဉ်ကျေးမှုများကို တွေ့မြင်ခဲ့ရသည့် အတွက်  ကြည်နူး ဝမ်းမြောက်မိသည့် အခြေအနေများ၊ မော်စကိုမြို့၊ ကာလုဂါ ပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်၌ မြန်မာနိုင်ငံမှ  ရွှေစည်းခုံပုံတူစေတီတော်ကြီး လာရောက် တည်ထားကိုးကွယ်မှုသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ပထမဆုံးလာရောက် တည်ထား ကိုးကွယ်သည့် ဗုဒ္ဓသာသနာ စေတီပုထိုးဖြစ်ပြီး ဗုဒ္ဓသာသနာ တော်ထွန်းကားရေး အတွက် များစွာအထောက်အပံ့ဖြစ်စေသည့် အခြေအနေများနှင် ပတ်သက်၍ မိန့်ကြား တော်မူသည်။


ဆရာတော်ကြီး၏ မိန့်ကြားမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို အများစုကိုးကွယ်ကြပြီး အခြားသော ကိုးကွယ်ရာ ဘာသာများကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုပေးထား သည့် အခြေအနေများ၊ သာသနာတော်ဆိုင်ရာ အဆောက်အဦများကို အထွတ်အမြတ် ထား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ပူဇော်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ နှုတ်ကပါဌ်တော်များကို ကျောက်စာချပ်များပေါ်တွင် ခေတ်မီ စက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုး ပူဇော်၍ ကျောက်စာရုံစေတီတော်များ တည်ထားပူ‌ဇော်နိုင်ရေး ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများနှင့်ပတ်သက်၍ လျှောက်ထားတော်မူသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟာယန ဗုဒ္ဓဘာသာ ခေါင်းဆောင် ဆရာတော်ကြီးအား ဗုဒ္ဓရုပ်ပွားတော်မြတ်များ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၏ ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွား ရေးအတွက် စုပေါင်း အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီး လက်ခံရယူပြီး ဓမ္မလက်ဆောင်များကို ပြန်လည်ပေးအပ်သည်။


အဆိုပါ Ivolginsky Dastan ဘုန်းတော်ကြီးကျောင်းသည် Ulan-Ude မြို့မှ ၂၃ ကီလိုမီတာအကွာ Buryatia ဒေသ၊ Verkhnyaya Ivolga ရွာအနီးတွင် တည်ရှိပြီး ၁၉၄၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်က အဆိုပါ ဘုန်းတော်ကြီး ကျောင်းသည် Central Spiritual Board of Buddhists of the USSR ၏ နေရာ ဖြစ်ခဲ့ ပြီး နောက်ပိုင်းတွင် ရုရှားနိုင်ငံရှိ သံဃာအဖွဲ့အစည်းများအတွက် အသုံးပြုလာခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ နေရာသည် ရုရှားနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ၏ ဌာနချုပ်တစ်ခု ကဲ့သို့ ဖြစ်ပြီး ဗုဒ္ဓဘာသာဆိုင်ရာ ပညာရပ်များနှင့် လေ့ကျင့်မှုများကို ဆောင်ရွက် လျက်ရှိသည် နေရာတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)