ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ လောကနန္ဒာဘုရားကမ်းပါးအောက်ခြေ ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ရေအောက်ကေဘယ်လ်စနစ် (SEA-ME-WE-5) ၏ Cable Landing Station ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ လောကနန္ဒာဘုရားကမ်းပါးအောက်ခြေ ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ရေအောက်ကေဘယ်လ်စနစ် (SEA-ME-WE-5) ၏ Cable Landing Station ကြည့်ရှုစစ်ဆေး




MNP ၊ စက်တင်ဘာ ၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ လောကနန္ဒာဘုရား ကမ်းပါးအောက်ခြေ ကာကွယ် ထိန်းသိမ်းခြင်းလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ရေအောက်ကေဘယ်လ်စနစ် (SEA-ME-WE-5) ၏ Cable Landing Station တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နံနက်ပိုင်းတွင် ပုသိမ်မြို့အနီး၊ ငဝန်မြစ်ရေ တိုက်စားမှုမှ ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လောကနန္ဒာဘုရား ကမ်းပါး အောက်ခြေတွင် ကမ်းပြိုမှုကာကွယ်ရေး ဆောင်ရွက်ထားရှိမှု၊ ကမ်းပြိုကာကွယ်ရေး ထိန်းသိမ်းနိုင်ရန် ဘုရား၏ အထက်ဘက် Up Stream မှ သောင်တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက် ထားရှိမှုကို အသေးစိတ်ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက ရေတိုက်စားမှု ဖြစ်ပေါ်သည့် ကမ်းပါးနေရာများ တည်တံ့အောင် စနစ်တကျ စံချိန်စံညွှန်းနှင့်အညီ ပြုပြင်ဆောင်ရွက်ရန်၊ ရေတိုက်စားမှု ထပ်မံမဖြစ်ပွားစေရေး၊ လိုအပ်သည့်နေရာများတွင် သောင်တူးဖော်ရေးလုပ်ငန်းများအား ကြိုတင်စီမံ ဆောင်ရွက်ရန် မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဝဲဒေါင့်ဆိပ်ကမ်းရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ဆိပ်ခံတံတားနေရာသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားပြုပြင်မွမ်းမံရေး ဆောင်ရွက်ရန် အခြေအနေများ၊ တံတားအနီးသောင်တူးဖော်ရေး ဆောင်ရွက်သင့်သည့် အခြေအနေများကို မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရေအောက် ကေဘယ်လ်စနစ် (SEA-ME-WE-5) ၏ Cable Landing Station သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရေအောက် ကေဘယ်စနစ်နှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးစနစ်များ ကောင်းမွန်နေစေရေး၊ ပင်လယ်ရေအောက်နှင့်ကုန်းပေါ်တွင် ဆက်ကြောင်း ပြတ်တောက်ပါက အချိန်တိုအတွင်း သိရှိစေရေးနှင့် အမြန်ဆုံးပြုပြင်နိုင်ရေး စီမံဆောင်ရွက် ထားရန် မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အစည်းအဝေးခန်းမ တွင် ပုသိမ်မြို့၌ တာဝန်ထမ်းဆောင်လျက်ရှိကြသော ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဝန်ထမ်းများကို တွေ့ဆုံရာ တိုင်းဒေသကြီးအဆင့် တာဝန်ခံအရာရှိများကဌာန၏ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ဘဏ္ဍာငွေရှာဖွေနိုင်မှုနှင့်သုံးစွဲမှု၊ ဝန်ထမ်းသက်သာ ချောင်ချိရေးဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မိမိဌာနအလိုက် ရည်မှန်းချက်၊ လုပ်ငန်းတာဝန်နှင့် စွမ်းဆောင်ရည် မြင့်မားရေးကို အလေးထားဆောင်ရွက်ရေး၊ လက်ရှိအခြေအနေအချိန်အခါနှင့် ကိုက်ညီသော လုပ်ငန်း အစီအမံများကို ပြန်လည်သုံးသပ်၍ လုပ်ငန်းများတိုးတက်အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ရေး၊ အများ ပြည်သူသယ်ယူပို့ဆောင်ရေး (Public Transportation) လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရေးနှင့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး၊ ဝန်ထမ်းများ လုံခြုံရေးအသိ/သတိရှိရန်နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးအစီအမံများကို ရေးဆွဲချမှတ်လေ့ကျင့် ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသော SOP နှင့်အညီ လိုက်နာရေးရုံးဌာနများတွင် အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)