MNP - အောက်တိုဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကလေးငယ်များ အားလပ်ချိန်များတွင် လာရောက်အပန်းဖြေအနားယူရာတွင် အလှဓာတ်ပုံ ရိုက်ကူးနိုင်ရန်အတွက် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ပန်းခြံအတွင်း လှောင်အိမ်ဖြင့် ယုန်မွေးမြူဆောင်ရွက်ထားရှိခြင်းနှင့် ဂစ်တာရုပ်ပုံ စီစဉ်ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံက သိရသည်။
အဆိုပါ ပွင့်မာလာပန်းခြံတွင် ပြည်သူများ အားလပ်ချိန်တွင် လာရောက်အပန်းဖြေအနားယူနိုင်ရေးအတွက် ကျန်းမာရေးသုံး အားကစားပစ္စည်းများနှင့် ကလေးငယ်များ ပျော်ရွှင်စွာ လာရောက်ကစားနိုင်ရေးအတွက် ချားရဟတ်၊ လျှောစင်၊ ဒါန်းစင်၊ စီးဆော့၊ ပင်လယ်ဓါးမြ စသည့် ကလေးကစားကွင်းများကို စီစဉ်ဆောင်ရွက်ပေးထားသည့်အပြင် ပန်းခြံအတွင်း သာယာလှပစိမ်းလန်းစိုပြည်စေရေးအတွက် အရိပ်ရပင်များနှင့် ပန်းအလှပင်မျိုးစုံတို့ကိုလည်း စိုက်ပျိုး ဆောင်ရွက်ထားရှိပေးထားကြောင်း သိရသည်။ ယမန်နေ့က ဒေသခံပြည်သူများနှင့် ကလေးငယ်များ အားလပ်ချိန်တွင် လာရောက်စိတ်အပန်းဖြေရာတွင် အလှဓာတ်ပုံများ ရိုက်ကူးနိုင်ရန်အတွက် လှောင်အိမ်ဖြင့် ယုန်(၂)ကောင် မွေးမြူထားရှိပေးခြင်း၊ ဂစ်တာပုံ ဆောင်ရွက်ထားရှိပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကာ ပန်းခြံဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ရေနုတ်မြောင်းများအတွင်းရှိ အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ပွင့်မာလာပန်းခြံအတွင်း စိုက်ပျိုးထားရှိသော ပန်းအလှပင်များအား အလှပုံဖော်ခြင်းနှင့် ရေဖျန်းပေးခြင်း၊ ပန်းအလှပင်များအောက်ခြေတွင် ရေဝပ်ဧရိယာ ဆောင်ရွက်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်း - လှိုင်ဝင်းလေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment