MNP - အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်း၍ သံဃာတော် ၄၈၀ ပါး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အောက်တိုဘာ ၃၀ ရက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့ကျက်သရေဆောင် ဟိုခုံပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောက ဩဝါဒကထာမြွတ်ကြားပြီး မြို့နယ်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးနန်မဟာလျှဲန်က ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူနိုင်ရေးအစီအစဉ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ စသည့် သာသနာရေးဆိုင်ရာများကို ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် ကြွရောက်လာသည့် ဆရာတော်ကြီးများက ယခင်နှစ်ကျင်းပခဲ့သည့် အတွေ့အကြုံအရလိုအပ်သည်များကို သြဝါဒကထာများ မိန့်ကြားတော်မူခဲ့ကြကာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက တန်ဆောင်မုန်းလပြည့်နေ့တွင် ရှေးဟောင်းသမိုင်းဝင် ထပ်လုံ(ဓာတ်လုံစွမ်ယောင်း)စေတီတော်မြတ်ကြီးအား အစဉ်အလာမပျက် ပူဇော်လှူဒါန်းနိုင်ရေးစသည့် သာသနာရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေနွေးခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment