MNP - အောက်တိုဘာ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းက ကြီးမှူးဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၁နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက သင်တန်းဆင်းပွဲအမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းကာလ အတွင်း ပြုလုပ်ဖန်တီးခဲ့သည့်လူသုံး ကုန်ပစ္စည်းများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ကြရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူ မလဲက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါသင်တန်းတွင် ပခုက္ကူခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း (၂၀)ဦးကျော် တက်ရောက်ကြပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းနည်းပြဆရာမ ဒေါ်မေတ္တာဦး (ဒုတိယဦးစီးမှူး)နှင့် ဒေါ်စုမြတ်ငြိမ်း(ဒုတိယဦးစီးမှူး)တို့က ခေါင်းလျှော်ရည်နှင့် ဆပ်ပြာ(အခဲ၊အရည်) အမျိုးမျိုး၊ လက်သန့်ဆေးရည် (Hand Gel) ပြုလုပ်နည်း စသည့်အသက် မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန် ထုတ်လုပ်မှုနည်းပညာ ဘာသာရပ်များကို ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁၉ရက်မှ ၂၃ရက်နေ့အထိ သင်တန်းကာလ ငါးရက်ကြာ စာတွေ့၊ လက်တွေ့စနစ်တကျ သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။
ပခုက္ကူဒေသသည် ယဉ်ကျေးမှုထွန်းကားရာ ဒေသတစ်ခုဖြစ်ပြီး မြန်မာ့လက်မှုအနုပညာများ ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်၊ ရက်ကန်းပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်၊ မိသားစု ထွက်ငွေလျော့ကျပြီး ဝင်ငွေတိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းက စက်ရက်ကန်းပညာ၊ လက်ရက်ကန်းပညာ၊ ရွှေချည်ထိုး ငွေချည်ထိုးပညာ၊ တိုင်းရင်းသားရိုးရာအထည်များ ရက်လုပ်သည့် ဂျပ်ခုတ်နည်းပညာ၊ ချည်ထည်ပိုးထည် ဆိုင်ရာ ဆေးဆိုးနည်းပညာရပ်များ၊ အထည်ပန်းပုံရိုက်နည်းပညာ စသည်များကို အခြေခံလက်ရက်ကန်း ၆လသင်တန်းကို ဘာသာရပ်၇ခုဖြင့် တစ်နှစ်လျှင်နှစ်ကြိမ်၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်မှု ၁နှစ်သင်တန်းကို ဘာသာရပ်၉ခုဖြင့် တစ်နှစ်လျှင် တစ်ကြိမ်စီဖြင့် ဖွင့်လှစ်ပြီး စာတွေ့(၃၀)ရာခိုင်နှုန်း၊ လက်တွေ့(၇၀) ရာခိုင်းနှုန်း သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဘာမီသာ
မြန်မာနရှင်နယ်ပို့စ်
No comments:
Post a Comment