MNP ၊ အောက်တိုဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပ သော ကျောင်းကျန်းမာရေးနှင့် ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးထွန်းဗိုလ် က ကြက်ခြေနီအသင်း၏ မျှော်မှန်းချက်နှင့် အခြေခံမူ (၇)ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သင်တန်း ဆရာ/ဆရာမများက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း အဓိပ္ပာယ်၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ သွေးယိုထွက်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ အသက်ရှူပိတ်၍ မေ့မျောခြင်း၊ သတိလစ်မေ့မျောခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အရိုးကျိုးခြင်း စသည့်ခေါင်းစဉ်များဖြင် စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment