MNP - အောက်တိုဘာ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းနှင့် ဦးကိုကိုလွင် (တနင်္သာရီတိုင်း ဒေသကြီးတာဝန်ခံ) တို့သည် တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိနှင့် မြိတ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် မြိတ်ခရိုင်၏ လျာထားမဲရုံသတ်မှတ်ခြင်းနှင့် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး အထောက်အကူပြု မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင် စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က မဲရုံများလျာထား သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မကြာမီကျင်းပမည့် ရွေးကောက်ပွဲအတွက် လစ်ဟာမှုမရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကတော့ မဲစာရင်းမှန်ကန်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းက မိတ်ဆက်အမှာ စကားနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိ ဦးထိန်လင်းဦးက ဆောင်ရွက်ထားရှိသည့် မြို့နယ်များအလိုက် လျာထားမဲရုံ၊ လျာထားမဲဆန္ဒရှင်စာရင်းနှင့် လူဦးရေအခြေအနေများအား ရှင်းလင်းတင်ပြပြီး မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးလှိုင်ဘွားက လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိများက မဲရုံ လျာထား သတ်မှတ်ပြီးစီး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
အစည်းအဝေးသို့ မြိတ်ခရိုင်နှင့် မြို့နယ်များမှ ရွေးကောက်ပွဲဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပုလောမြို့နှင့် တနင်္သာရီမြို့နယ်တို့မှ Zoom Meeting ဖြင့် တက်ရောက် ခဲ့ကြသည်။ တာဝန်ရှိသူများ၏ မဲစာရင်းမှန်ကန်ရေးစိစစ်ခြင်း၊ မဲရုံများလျာထား သတ်မှတ်ခြင်း နှင့် မဲရုံသုံးပစ္စည်းများ လျာထားဆောင်ရွက်မှု တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်း -ခိုင်ထူး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment