ဆရာကြီးကိုတော့ ခွင့်လွှတ်ပါတယ် ... ဒါပေမယ့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆရာကြီးကိုတော့ ခွင့်လွှတ်ပါတယ် ... ဒါပေမယ့်



၂၃-၉-၂၀၁၇ စောင့်ကြည့်ဂျာနယ်မှ မူလတန်းကျောင်းအုပ်ကြီးတစ်ဦး၏ ရင်တွင်းခံစားချက် ဖွင့်ပြသည့် ဆရာအောင်ရဲ(၁) ၏ ပညာရေးဆောင်းပါးကို ဖတ်ရ၍ ဤစာစုကို ထပ်မံခံစားရေးဖွဲ့ပါသည်။ ဆောင်းပါးက ၂၀၁၇ မှ ပညာရေးအခြေအနေကို ဖော်ပြသော်လည်း ယနေ့လည်း ဤပုံစံ၊ တခါ ထိုစနစ်မပြင်လျှင် နောင်လည်း ၂၀၁၇ အတိုင်းပင် ဖြစ်နေမည်ကို ပညာရေးစိတ်ဝင်စားသူများကော၊ တာဝန်အရှိဆုံး ပညာရေးလူကြီးမင်းတို့ အပါအဝင် ယခင်၊ ယခု၊ နောင်ကာလ အစိုးရမင်း အဆက်ဆက်ပါ သိစေလို၍ ဆရာအောင်ရဲ(၁) စာ ခံစားတင်ပြပါသည်။

ဆရာအောင်ရဲ(၁)၏ ဆောင်းပါးတွင် (ဆရာကြီးကို ခွင့်လွှတ်ပါရန်) တပည့်ဖြစ်သူအား ရင်နာနာနှင့် တောင်းပန်ထားသည့် ကဗျာကို ရင်နင့်စွာ ခံစားရပါသည်။ အသံထွက်၍ ဖတ်ကြည့်ပါဦး။ 

(၁) ကျွန်ုပ်ကျောင်းက၊ ကျောင်းသားကလေး၊ မောင်လူအေးသည်၊ လေးတန်းကျောင်းသား ဖြစ်ပါ၏။

(၂) လေးတန်းကျောင်းသား၊ ဖြစ်သော်ငြားလည်း၊ က-ကြီး ၊ ခ-ခွေး ပုတ်လောက်ရေး၍၊ သင်ပေးသည့်တိုင်၊ ငေးငိုင်တွေဝေ၊ နှုတ်ဆိတ်နေ၏။ ကြည့်လည်းမဆို၊ အလွတ်ဆိုဝေး၊ ဤရေး ဤပုံ- ဤပုံ ဤရေး၊ မောင်လူအေးသည်၊ လေးတန်းကိုကား၊ ပြန်ကုစားဖြင့်၊ အောင်သွားပါလေတော့သတည်း။

(၃) အို-ခေတ်ကြီးငဲ့၊ ဘယ့်နှယ်တွက်ကြောင့်၊ (ငြှောင့်)ကို မထွင်၊ (ဆူး)ပင် မခုတ်၊ (ငုတ်)ကို မရှောင်၊ ပြောင်ပြောင်တင်းတင်း၊ မိုက်တွင်းနက်ချင်နေရသနည်း။

(၄) မီးရှူးတန်ဆောင်၊ ပညာရောင်ကို၊ ဝင်းအောင် လင်းအောင် မစွမ်းဆောင်ဘဲ၊ မှောင်အောင်ကြိုးကုတ်၊ အားထုတ်နေဘိ၊ အာစရိတို့၊ သင်တို့သည်ကား၊ လူညာများတည့်၊ ကုစားမဟုတ်၊ မုသားလုပ်၍၊ ကုတ်ကတ်တန်းတင်၊ အောင်မြင်ကာသွား၊ တောသားကလေး၊ မောင်လူအေးရေ၊ (ခွေးထက်မိုက်သူ) ဆရာဟူမှတ်၊ သည်ပြဇာတ်မှာ၊ ဆရာကြီးကို ခွင့်လွှတ်ပါ။


မိဘမသိ၊ သားသမီးမသိ၊ နှမ အမ ညီအကို မသိ၊ ဆွေမျိုးအကျိုးယုတ်စေသည့် မိုက်လုံးကြီးသူကို (ခွေးထက်မိုက်သူ) ဟု ရှေးဘိုးဘွား မြန်မာတို့က ပြင်းထန်စွာ ဆိုသည်။ စာသင်သူ တပည့်ကို မတတ်မသိဘဲ အတန်းတင်ပေးလိုက်၍ ယနေ့ နိုင်ငံ၊ လူမျိုး ပညာရေး ရုပ်ဆိုးကျည်းတန် ဖြစ်နရသည်ကို နှလုံးစိတ်ဝမ်း ထိခိုက်နွမ်းရပြီး ခံစားရလွန်းသဖြင့် ထိုဖြစ်ရပ်တရားခံမှာ ဆရာကြီးက သူအပါအဝင် ဘဝတူဆရာများပါသည်ဟုပင် ထင်မှတ်သွား၍ တပည့်လေးကို ယနေ့ ပညာရေးပြဇာတ်အတွက် ခွင့်လွှတ်ပါဟု တောင်းပန်ထားသည်။ 

ဆရာအောင်ရဲ(၁) ကဗျာ ခံစားလိုက်ရသောအခါ ဘဝတူဆရာများအတွက် ရင်နာရသလို မျိုးဆက်တပည့်များအတွက် ရင်နင့်ရပြီး နိုင်ငံလူမျိုးအတွက် ရင်မှာမောဟိုက်ရပါသည်။

ဆရာအောင်ရဲ(၁) ဆောင်းပါးကို သုံးသပ်မိသောအခါ သူနာနာကျင်ကျင် သုံးသွားလိုက်သည့် (ခွေးထက်မိုက်သူ)တွေမှာ ဆရာတွေ မဟုတ်သည်ကို တွေ့ရပါသည်။ သူ မရဲတရဲနှင့် သူ့အသဲနှလုံးက ယိုစီးလာသည့် စကားလေးကို ကြည့်ပါဦး။

(အမိယုတ် နှုတ်ကြမ်း၊ အဖယုတ် လက်ကြမ်း တဲ့၊ လူကြီးတွေ ဆင်ခြင်ဖို့ စကားပါ။ ဒီတော့ ကျွန်တော်တို့ လူကြီးတွေ "ရိုးသားရဲ" ဖို့ လိုနေပြီ။ အမှန်တရားကို ချစ်မြတ်နိုး "ရဲ" ဖို့ လိုလာပါပြီ။ ကိုယ်ကျိုးချည်းကြည့်လို့ လိမ်ချင်ညာချင် စိတ်ဓာတ်တွေကို "အမြစ်ပြတ်သတ်ပစ်ရဲ"ဖို့ လိုအပ်နေပါပြီ။ ဘယ်သူဘယ်ဝါရယ်လို့ ကျွန်တော် ရည်ညွှန်းပြောဆိုနေတာ မဟုတ်ပါဘူး။ အဲဒီ မရည်ညွှန်းဘူးဆိုတဲ့ "တာဝန်ရှိလူကြီးမင်း" တွေကိုပဲ ရည်ညွှန်းပြောဆိုနေတာပါ။) ဟု ဆရာအောင်ရဲ(၁)က ဖော်ပြခဲ့ရာ လမ်းစဉ်၊ စနစ်နှင့် လုပ်ရပ်တို့ လွဲချော်မှားယွင်းနေမှန်းသိသိနှင့် မြင်သာထင်သာ ရှိနေပါလျက် ကိုယ့်တွက်ကျန်ဖို့ နိုင်ငံလူမျိုး  အကျိုးမဲ့ စီမံချက်အလိမ်အညာတွေ ဖော်ဆောင်နေသူများမှာ မူ-လယ်-ထက် ဆရာတွေ မဟုတ်ကြောင်း သိသာလှပါသည်။ ဆက်ကြည့်ပါဦး။ 

(ပညာရေးစနစ်ကို ပြင်လိုက်၊ ညာလိုက် လုပ်နေသမျှ အနာဂတ်မျိုးဆက်သစ်တွေ မွေးလာပြီး သေ၊ သေပြီးရင်း သေ၊ ခုပဲကြည့်လေ။ လေးတန်း ရှစ်တန်း စာမေးပွဲကို တကယ်ပဲ စစ်တော့မယောင် ဟန်ရေးပြပြီး အရင်အတိုင်း ပြန်လုပ်ခိုင်းတာ၊ ပညာရေး လည်မြိုကို တုတ်နဲ့ ရိုက်သတ်လိုက်တာပါပဲ။) 

NLD ခေတ် ၂၀၁၆ မှစ၍ သင်ရိုးသစ်၊ သင်ပြနည်းသစ်၊ ချည်းကပ်နည်းသစ်၊ အကဲဖြတ်နည်းသစ်၊ စာမေးပွဲပုံစံသစ် ဟု (အသစ်) ဟူသော စကားလုံးသုံးကာ ပညာရေးကို ဖျက်ဆီးနိုင်ခဲ့သည်မျာ ၂၀၂၃ ခုနှစ်အထိ ဖြစ်သည်ကို နစက အစိုးရအား ရဲဝံ့စွာ တင်ပြပါသည်။ မောင်ဌေးသည် NLD အစိုးရတက်စ ၂၀၁၆ ရက်တစ်ရာ ပညာရေးစီမံချက်ကို မြန်မာသံတော်ဆင့်ဂျာနယ်မှ ၂၀၁၆ ခုနှစ်၊ သြဂုတ်လတွင် (ရင်မှာမအေး၊ ရင်သာလေး၊ ရင်အနာပေးတဲ့ ပညာရေး) ဟုလည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် (အမျိုးသားပညာရေးစစ်တမ်း) ဟု သံတော်ဆင့်အယ်ဒီတာက (အမျိုးသားပညာရေးမဟာဗျူဟာစစ်တမ်း) ဟု ခေါင်းစဉ်ပြင်ပေးကာ NLD ခေတ် ပညာရေးအလွဲအမှားများကို NLD အစိုးရတခေတ်လုံး မြန်မာသံတော်ဆင့်မှစကာ သူရိယနေဝန်းဂျာနယ်အထိ ပြတ်သားစွာ တင်ပြခဲ့ပါသည်။

NLD ခေတ် သင်ရိုးသစ် KG မှ ယခု G-11 လာမည့် ၂၀၂၃ G-12 ထိ အတန်းစုံ သင်ရိုးအားလုံး (အထူးသဖြင့် မြန်မာ၊ အင်္ဂလိပ်၊ သမိုင်း) သည် ယခင် ၁၉၆၆ မှ ၂၀၁၅ အထိ သင်ရိုးများလို အသိ အတတ် မပေးပါ။ NLD ခေတ် သင်ရိုးရည်ရွယ်ချက်က ၁၈၉၇ မှ ၁၉၂၀ ထိ အင်္ဂလိပ်အစိုးရခေတ် သင်ရိုးလို လူမျိုးကို အသိ၊ အတတ် မရစေရန် ဖန်တီးထားသည့် သင်ရိုးသာ ဖြစ်သည်ကို NLD ခေတ်တလျောက်လုံး တင်ပြခဲ့သလို ယခုလည်း NLD သင်ရိုးကို  ဤဂျာနယ်မှတဆင့် သမိုင်းမှတ်တမ်းတင်ပါသည်။ သင်ရိုးပြုစုသူများနှင့် အချိန်မရွေး နေရာမရွေး (သင်ရိုးစစ်တမ်း) စကားစစ်ထိုးလိုပါသည်။ 

၁၈၉၇ မှ ၁၉၂၀ ထိ KG သင်ရိုးတွင် (ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ဠ) ဗျည်း ၆လုံး ဖြုတ်သည်။ ၂၀၁၆ မှစ၍ (ဃ၊ ဈ) တိုးကာ ဗျည်း ၈လုံး ဖြုတ်သည်။ အင်္ဂလိပ်အစိုးရက မြန်မာစာပျက်စီးအောင် ဖျက်ဆီးခဲ့သည်ကို ၁၉၂၁ ပေါ်ပေါက်လာသော အမျိုးသားကျောင်းများက ဗျည်း ၃၃လုံး ပြန်သင်ကာ မြန်မာစာကို မြှင့်တင်နိုင်ခဲ့သည်။ လွတ်လပ်ရေးရပြီး ၂၀၁၅ ထိ KG+10 စနစ်ပုံစံသည် ၁၉၂၀ က ကျင့်သုံးခဲ့သော အမျိုးသားကျောင်း ပညာရေးစနစ်ပုံစံကို ဆန်းသစ်ထားခြင်းဖြစ်သည်။ KG+12 သည် အင်္ဂလိပ်ပုံစံ ဖြစ်သည်။ အင်္ဂလိပ်အစိုးရပြဋ္ဌာန်းသည့် မြန်မာ၊ သမိုင်း၊ အင်္ဂလိပ်ဘာသာ သင်ရိုးတို့က မြန်မာတို့ ကိုယ့်ယဉ်ကျေးမှု ဓလေ့ထုံးစံကို မမြတ်နိုး၊ မခင်တွယ်စေရန်၊ မျိုးချစ်စိတ်ဓာတ်၊ ဇာတိမာန် ခမ်းခြောက်ဆိတ်သုဉ်းစေပြီး အင်္ဂလိပ်စာ၊ အင်္ဂလိပ်ယဉ်ကျေးမှုကို အထင်ကြီးအောင် ဖန်တီးထားသော သင်ရိုးများဖြစ်သည်ကို ၁၉၇၂ နိုင်ငံတကာ စာအုပ်နှစ် အထိမ်းအမှတ် စာတမ်းဖတ်ပွဲမှ ဆရာကြီးဒေါက်တာသန်းထွန်း (ဖတ်စာအုပ်သမိုင်း) စာတန်းတွင် တွေ့နိုင်ပါသည်။ 

၂၀၁၆ သင်ရိုးပြုစုသူတို့သည် ၁၉၆၆ မှ ၂၀၁၅ထိ G1 တွင် သင်ခဲ့သော သားသမီးဝတ် ၅ပါးမှ (စောင့်လေမျိုးနွယ်)ပါ စာသားကြောင့် မြန်မာစာမှ ထုတ်ပယ်သလို (သွေးနှောတာကို ငါတို့မုန်း) စာသားကြောင့် (ဝံသာနု)ကဗျာကိုလည်း ဖြုတ်ပစ်သည်။ ၁၉၆၆မှ ၂၀၁၅ထိ မြန်မာ့သမိုင်း သင်ရိုးတို့ကို ၂၀၁၆ KG+12 စနစ်အရ ပြုပြင်ရာတွင် အင်္ဂလိပ်ခေတ်၊ အင်္ဂလိပ်အစိုးရကျောင်း သမိုင်းသင်ရိုးလိုပင် အင်္ဂလိပ်ကို အထင်ကြီးစေလိုသော သွယ်ဝိုက်စာသားများပါပြီး သူ့ကျွန်မခံလိုသော မြန်မာတိုင်းရင်းသားတို့ အင်္ဂလိပ်နယ်ချဲ့တော်လှန်မှုနှင့် ဖက်ဆစ်ဂျပန်တော်လှန်မှုတို့ကို တမင်ပင်ဖြုတ်ပစ်လိုက်သည်။ 

(ဥပမာ ယခု ၂၀၂၂-၂၃ G8 အဋ္ဌမတန်း သမိုင်းတွင် အင်္ဂလိပ်-မြန်မာစစ် ၃စစ် မြန်မာတို့ စစ်ရှုံးပုံကို အသားပေးတင်ပြသော်လည်း တိုင်းရင်းသားတို့ ရရာလက်နက်စွဲကိုင်ကာ နယ်ချဲ့တော်လှန်ပုံများကို စာတစ်ကြောင်းမျှဖြင့်ပင် ဖော်ပြခြင်း မပြုပေ။ ထိုနည်းတူ အခန်း ၃တွင် ဂျပန်ခေတ်အုပ်ချုပ်ရေး၊ စစ်ပြီးခေတ်အုပ်ချုပ်ရေးတို့ ပြဋ္ဌာန်းသော်လည်း တပ်မတော် ပေါ်ပေါက်လာပုံ၊ ဖက်ဆစ်ဂျပန်ကို တပ်မတော်နှင့် တိုင်းရင်းသားပြည်သူတို့ လက်တွဲတော်လှန်ခဲ့ပုံ စာတစ်လုံးမျှ မပါပေ။) 

ယခင် ၂၀၁၅ထိ သမိုင်းပညာရှင်များ၏ သမိုင်းသင်ရိုးက သမိုင်းဖြစ်စဉ်အတိုင်း တင်ပြခဲ့သည်ကို NLD ခေတ် နိုင်ငံသမိုင်းသင်ရိုးတွင် လုံးဝမတွေ့ရပေ။ ဤသည်မှာ NLD ခေတ် သင်ရိုးကို လျှပ်တပြက် သုံးသပ်ပြခြင်းသာ ဖြစ်သည်။

ဆရာအောင်ရဲ(၁) သုံးသပ်ပြသည်က ၂၀၁၇မှာ ကြုံတွေ့ရသည့် အကဲဖြတ်နည်းသစ်စာမေးပွဲပုံစံ အသစ်သည် မောင်လူအေးတို့လို ဆင်းရဲသား တောသားလေးတို့ နစ်နာရပုံကို ဖော်ပြလိုခြင်းဖြစ်သည်။ ပညာရေးသတင်းစုံ Facebook မှ ၂၄-၄-၂၀၁၇ နေ့စွဲဖြင့် ထိုစဉ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်စုထံ ပညာရေးမှူး ဒေါ်နီလာထွန်း က (လေးတန်း၊ ရှစ်တန်း ကို ဒီလို ချေးပေါ၊ သေးပေါ အအောင်ပေးနေမယ်ဆိုရင် စာမေးပွဲကို ဘာလို့စစ်တော့ မလဲရှင်။ အဖြေလွှာနဲ့ မေးခွန်းစာရွက်ဖိုးတွေ နိုင်ငံတော်က ကုန်ကျရလို့ ဘဏ္ဍာငွေလေလွင့်မှု ဖြစ်ရပါတယ်ရှင်။ အကုန် အအောင်ပေးမှတော့ စာမေးပွဲစနစ် ဖြုတ်လိုက်တာ အကောင်းဆုံးမဟုတ်လားရှင်။ စဉ်ဆက်မပြတ် အတန်းတင်စနစ်ကြောင့် စာတောင်ကောင်းစွာ မဖတ်တတ်တဲ့ ၅တန်း ကလေးတွေ ကျွန်မမြင်ဖူးပါတယ်ရှင်။) ဟု ပေးစာရေးထားရာ ဆရာအောင်ရဲ(၁) ထက် ၅လစောပြီး အကြောင်းအရာ အစုံပါ ပါသည်။ လိုရင်းကတော့ ၁၉၅၅ မှ ၂၀၁၄ ထိ စာမေးပွဲမရှိ၊ C.A.P.S စနစ်ဖြင့် အတန်းတင်ပေးရာ ၄တန်း၊ ၈တန်းအတွက် နိုင်ငံဘဏ္ဍာမကုန်။ ယခု က ၄တန်း၊ ၈တန်း ကို စာမေးပွဲစရိတ်တွေ သိန်းပေါင်းများစွာ အကုန်အကျခံ စာမေးပွဲလုပ်ပြီး ယခင်လိုပင် အအောင်ပေးသည်ဖြစ်ရာ နိုင်ငံတော်မနစ်နာစေရန် ဒေါ်နီလာထွန်းက ထိုစဉ်က နိုင်ငံအကြီးဆုံးခေါင်းဆောင်ကို အကြံပေးစာရေးခဲ့ခြင်းဖြစ်ပါသည်။

ယခု ကျွန်တော်လည်း ၂၄-၄-၂၀၁၇ ဒေါ်နီလာထွန်းစာကို ယနေ့ နစက ခေါင်းဆောင်များ ၁၅မိနစ် အချိန်ပေး ဖတ်စေလိုပါသည်။ သို့မဟုတ် ဤစာစုကို ဖတ်ပြီး စဉ်းစားစေလိုပါသည်။

၂၀၁၆ မတ်လ ၄တန်းနှင့် ၈တန်း အစိုးရစစ်စာမေးပွဲ အောင်စာရင်းကို A, B, C အဆင့်ဖြင့် ထုတ်ပြန်ပေးပြီး Dသမားတွေကို ပြန်ကုစားဖြင့် အတန်းတင်ပေးသည်။ ၂၀၁၇ မှာ ကြိုတင်ကုစားစနစ်ဟုဆိုကာ အချိန်ပိုသင်ပေးပြီး မတ်လစာမေးပွဲတွင် အားလုံးအအောင်ပေးကာ အောင်စာရင်းထုတ်ပြန်သည်ဟု မသုံးတော့ဘဲ (အတန်းကူးပြောင်းစာရင်း) ဆိုပြီး သတ်မှတ်သည်။ ၂၀၁၈ မှ စကာ ၁၉၉၅ မှ ၂၀၁၄ အထိ ပုံစံအတိုင်း (ဖြေသူအောင်) စနစ်မှ (နေသူအောင်) = အောက်တိုဘာလအထိ ကျောင်းနေဖူးလျှင် မတ်လစာမေးပွဲမဖြေလည်း နှုတ်မေး နှုတ်ဖြေနှင့် အအောင်ပေးရမည်ဆိုသော လစ်ဘရယ်စနစ်။ ဘာသာစုံ မဖြေပါက အိမ်လိုက်ခေါ်ခိုင်းကာ အတန်းတင်ပေးရသော - အချောင်သမား မွေးထုတ် စစ်ဆေးနည်းသစ်ကို NLD ခေတ်မှာ သုံးခဲ့၍ ဆရာအောင်ရဲ(၁)က ကဗျာရေးဖွဲ့သလို ဒေါ်နီလာထွန်းလို facebook က တင်ပြသူများလည်း ရာချီ ရှိပါသည်။

၁၉၂၁ အမျိုးသားကျောင်းများ မပေါ်ပေါက်မီ အင်္ဂလိပ်အစိုးရ ပညာရေးမူဝါဒရော သင်ရိုးပါ မြန်မာတိုင်းရင်းသားတို့အား ဝတ်ကျေတန်းကျေ စာသင်ပေးသော မူဝါဒဖြစ်သည်။ ၁၉၇၀ ခုနှစ် ထုတ် အမျိုးသားပညာရေးနှင့် အမျိုးသားပညာရေးလှုပ်ရှားမှုသမိုင်းအကျဉ်း စာအုပ် စာ-၁၁၄ တွင် လေ့လာရသည်။ ကိုယ်တွေ့မဟုတ်သော်လည်း ဆရာကြီးဒေါက်တာသန်းထွန်း စာတမ်း အမျိုးသားကျောင်းနှင့် ပညာရေး တို့ကို လေ့လာသောအခါ  နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ ကောက်ကျစ်ယုတ်မာသော ပညာရေးစနစ်ပုံစံကို ကွက်ကွက်ကွင်းကွင်း မြင်ရပါသည်။ 

၁၉၉၅ မှ ၂၀၁၅ထိ စဉ်ဆက်မပြတ် အတန်းတင်စနစ် = CAPS သည် ပညာရေးအပေါ် ဆရာတို့ ဝတ္တရားကျေဖြစ်အောင် ဖန်တီးခဲ့သော စနစ်သာ ဖြစ်သည်။ NLD သည် ထိုလမ်းစဉ်အတိုင်း လိုက်ရုံမျှမက သင်ရိုးကိုလည်း ဝတ်ကျေတန်းကျေသာ ပြုစုခဲ့သည်ကို သင်ရိုးပြုစုသူများကို TV ဖန်သားပြင်မှာ စကားစစ်ထိုးလိုပါသည်။ ယခု ၂၀၂၂-၂၃ ပညာသင်နှစ်ထိ စစ်ဆေးရေးနည်းသစ်က NLD ခေတ် လစ်ဘရယ်ကျွန်ဖြစ်ရေး အကဲဖြတ်နည်း၊ ဝတ်ကျေတန်းကျေ  မေးခွန်းထုတ်နည်း၊ အလေးအနက်မရှိသော စာမေးပွဲစနစ်သစ်သာဖြစ်သည်။ 

၂၀၁၅တုန်းက CAPS စနစ်မဟုတ်ဘဲ စာမေးပွဲစနစ် အစစ်ဖြစ်မည်ဆို၍ အောက်တိုဘာစာမေးပွဲ၊ နောက်ဆုံးပိတ်စာမေးပွဲတို့တွင် စာကျက်သံတို့ ဝေဝေစီခဲ့ရာ မင်္ဂလာသံတို့ သာယာခဲ့သည်။ ၂၀၁၇မှစ၍ အရင်အတိုင်းပြန်ဖြစ်၍ စာကျက်သံ စာဖတ်သံတို့ ဆိတ်သုဉ်းခဲ့ရာ ယနေ့အထိ ဖြစ်သည်။ 

ကဲ - ခုတော့ မောင်းဌေး မြေးမလေးတို့ နက်ဖြန် အောက်တိုဘာလ စာမေးပွဲကိုပင် မကြောက်၊ TV ဘေးမှာ၊ မင်း သူ ငါ အိမ်တို့က ကျောင်းသားတွေ အစားမပျက်၊ စကားမပျက်၊ ကစားမဖျက်၊ စာကို ကျက်စရာမလို၊ ပါမှာကို ပြောထားသည်။ ဆရာတို့မှာလည်း ဟိုယခင်တုန်းကလို တကျောင်းနှင့် တကျောင်း စာပြိုင်သင်စရာမလို။ မေးမည့် ၂၅မှတ်ဖိုးပဲ ပြော၊ အချိန် က ၄၅ မိနစ်၊ သင်ပုန်းမှာ မေးခွန်းရေး၊ ကလေး က ခိုးဖြေဖြေ၊ ကူးဖြေဖြေ၊ တကယ်ဖြေဖြေ၊ နှစ်ကုန်တော့ အတန်းကူးပြောင်းပေးလိုက်ရုံသာ။ ဒီ လစ်ဘရယ်ကျွန်ပညာရေးကို နိုင်ငံရေးလုပ်စားသူများက စစ်ကျွန်ပညာရေးတဲ့။ NLD ခေတ်မှာ အုပ်စုဖွဲ့ဖြေနည်း၊ စာမသိသူကို စာသိသူက ကူညီပြောပေးရသည်။ ကဲ - ဒါကို နိုင်ငံတကာ နည်းသစ်ဟု ညာခဲ့သည်။ ဂျပန်နိုင်ငံ အစစ်နည်းမှာ A, B, C အဆင့်ဖြစ်ပါသည်။ အကျမထားပါ။ သို့သော် မြန်မာပညာရေး စစ်ဆေးနည်းလို ဝတ်ကျေတန်းကျေ မဟုတ်ပါ။ စစ်မှန်စာမေးပွဲကျင်းပပြီး အမှန်တကယ် A, B, C ခွဲသည်။ အတန်းအားလုံး တင်ပေးသည်။ ကျောင်းသား နှင့် ကျောင်းသားမိဘက ကိုယ့်သားသမီး ဘယ်အဆင့်နှင့်အောင်သည်ကို ပညာရေးဝန်းကျင်တစ်ခုလုံး သိစေသောစနစ်ဖြစ်ရာ ကလေးကော၊ ကလေးမိဘရော ကြိုးစားစနစ် ဖြစ်သည်။

၎င်းကို ယနေ့ ပညာရေးစီမံသူတို့ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ၏ ပညာသဘော ဖတ်၍ သိကြပါသည်။ သို့သော် ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် အကြံပေးကို မလုပ်ဘဲ NLD ခေတ် ပညာရေးစီမံသူတို့က ရှင်သုံးရှင်၊ ရှိသုံးရှိ = ငွေရှင်၊ ပညာရှင်၊ အာဏာရှင် တို့ လူတစ်စုကောင်းစားရေးကိုသာ ဖန်တီးခဲ့သည့်ပြင် လူမျိုးတမျိုးလုံး အသိ အတတ် မရစေသော သင်ရိုးနှင့် စစ်ဆေးနည်းသစ်ကိုပါ အတည်ဖြစ်စေခဲ့သည်။ 

ဝမ်းနည်းဖွယ်ရာ NLD အစိုးရပြောင်းသွားပြီး နစက အစိုးရသာ NLD ခေတ် ပညာရေးမူကို ပြင်လိုက်မည်ဆိုလျှင် ဆင်းရဲသားပြည်သူတို့ကရော နိုင်ငံတော်ကပါ သာဓုခေါ်မည်ဖြစ်သလို တပ်မတော်ကိုလည်း ဆင်းရဲသားပြည်သူတို့က အားကိုးရာ ဟု၊ တို့ပြည်သူ့တပ်မတော် ဟု နှလုံးသားမှာ စွဲထင်စေမှာ ဖြစ်ကြောင်း ရဲဝံ့စွာ ပြောနိုင်ပါသည်။ 

ဤစာစုသည် NLD ခေတ် ပညာရေးနှင့် ဆက်လက်ကျင့်သုံးနေသော ပညာရေးစနစ်ကို Poison - Pen Letter = မလိုမုန်းထားစိတ်ဖြင့် ရေးသောစာ မဟုတ်ပါ။ မောင်ဌေး ဘော်ဒါသေးသေးလေးဖြင့် နမူနာပေး ရှင်းပြပါမည်။ NLD ခေတ် နောက်ဆုံး ပညာသင်နှစ် ၂၀၂၀ က ဖြစ်သည်။ အစိုးရကျောင်းတွေက အစမ်းစာမေးပွဲကို ၄၅မိနစ်၊ ၂၅မှတ်ဖိုး ၄ယောက် တစ်ခုံ ဝတ်ကျေတန်းကျေ စစ်သည်။ တပြည်လုံးရှိ ဘော်ဒါ၊ ကိုယ်ပိုင်ကျောင်းတွေကို (ငွေရှိ၊ ပညာရှိ၊ အာဏာရှိ) ရင်သွေးတွေ ထားကြ၍ သူတို့ကတော့ ၃နာရီ မေးခွန်း၊ အမှတ် ၁၀၀ ဖိုး အတန်းစုံ၊ ဘာသာစုံ လေ့ကျင့်ပေးသည်။ မောင်ဌေးလို ဘော်ဒါသေးသေးလေးကိုပင် မထားနိုင်ရှာကြသော အများစု (ကာကလိယ တို့ = ဆင်းရဲမွဲတေသူတို့) ရင်သွေးတွေကတော့ အစိုးရကျောင်းက လေ့ကျင့်ပေးသော ပေါ့ပျက်ပျက် စာမေးပွဲပုံစံ၊ စာမကျက်ရသည့်ပုံစံကိုသာ ရကြပေရာ ဆင်းရဲသား ပြည်သူတို့ ရင်သွေးတွေ ဘယ်မှာ ထူးချွန်တော့မည်လဲ။ အတန်းစဉ် အတန်းတင်ပေး၍ အောင်လာသော်လည်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ ကျရှုံး၊ အောင်ပြန်လည်း အမှတ်ကနည်း၍ ရှိသုံးရှိတို့က ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျူရှင်ပြစားမည့် B.Ed, BA.Ed ဆရာ။ မရှိဆင်းရဲသား ရင်သွေးတွေကတော့ သံချီသံကွေး၊ ဂဟေဆော်၊ အုတ်စီ၊ စက်ချုပ် စာတတ်စရာမလို အလုပ်သမားပညာ အသက်မွေးဝမ်းကျောင်းသွားတဲ့။ NLD လစ်ဘရယ်တွေ၏ ငပြည့်ဝ = ကျွန်မွေး သက်မွေးပညာ ဟု ပြတ်ပြတ်သားသား ပြောလိုသည်။ 

နိဂုံးအားဖြင့် နစက အစိုးရကို ပညာရေးပြင်စေလို၍ ဆရာအောင်ရဲ(၁) ၏ ကဗျာ အပိုဒ်(၃)နှင့် (၄) ထပ်ဆင့်ခံစား တင်ပြလိုက်ပါသည်။

(၃) အို - တမင်းဆင်း တမင်းတက် အစိုးရငဲ့၊ ဘယ့်နှယ်တွက်ကြောင့် 

- စာမေးပွဲစနစ်မမှန်၍ အရည်အချင်းမဲ့သူများနေရသည့် (ငြှောင့်)ကိုမထွင်။

- သမိုင်းမသင်၍ အ၊ မူအဆင့်မှာ အင်္ဂလိပ်စာ သင်၊ ထက်ဆင့်မှာ အင်္ဂလိပ်လိုသင်၍ ပညာမတတ် မသိမမြင် ဖြစ်နေသော (ဆူး)ကိုပင် မခုတ်မလှဲ။

- လူထုဆင်းရဲ၊ နိုင်ငံမွဲပြီး အတန်းမြင့် အဆင့်နိမ့်နေတဲ့ သညာ၊ ပညာ ဆုတ်ယုတ် KG+12 (ငုတ်)ကို မရှောင်၊ ပြောင်ပြောင်တင်းတင်း (မိုက်)တွင်း နက်ချင်နေရသနည်း။


(၄) မီးရှူးတန်ဆောင်၊ ပညာရောင်ကို၊ ဝင်းအောင် လင်းအောင်၊ မစွမ်းဆောင်ဘဲ၊ မှောင်အောင်ကြိုးကုတ်၊ အားထုတ်နေသည့်၊ Policy Maker သင်တို့သည်ကား၊ လူညာများတည့်၊ ကုစားမဟုတ်၊ မုသားလုပ်၍၊ CAPS စနစ်ထုတ်၊ ကုတ်ကတ်တန်းတင်၊ အောင်မြင်သွားသည့်၊ ကာကဝလိယတို့ ရင်သွေး၊ မောင်လူအေးတို့၊ လမ်းဘေးကန်ထုတ်၊ ယုတ်မာစနစ်၊ ဖြစ်မြောက်အောင်နေ၊ မောင်လူအေးရေ၊ (ခွေးထက်မိုက်သူ) မြန်ဇမ္ဗူရဲ့၊ ပညာရေးဌာနေ ဦးဆောင်နေတော့၊ ရွှေသွေးလူလေး၊ မောင်လူအေးတို့၊ ရှင်လျက်သေ၊ ဘဝတွေအတွက် -

- ဒေါသ မျက်ဖြေ မောင်ဌေး ထွက်တော့သည်

- သောက မျက်ဖြေ ကဗျာရေးတော့သည်

- ဟောပြ သက်သေ စာလေးဖြစ်တော့သည်

- အဟောတဝ ပညာရေးဖြစ်စေချင်၍ သင်ရိုးပြင်လိုက်ပါဟု နစက ကို တောင်းဆိုသည်။

- တောက ဆရာအောင်ရဲ(၁)ကဗျာ ပြုပြင်စပ်မိတာလည်း တောင်းပန်ပါသည်။

- ဆရာကြီးကလည်း သမိုင်းက ခွင့်လွှတ်သည်။

- ဒါပေမယ့်လည်း ယခင်၊ ယခု ပညာရေးပျက်စီးမှု၊ ဖျက်ဆီးမှုတွေအတွက် ပညာရေး၊ နိုင်ငံရေး တာဝန်ရှိသူများကိုတော့ (သမိုင်းက) ခွင့်မလွှတ်ပြီ။


ကိုဌေး (နတ်မောက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)