MNP - အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့စိုက်ပျိုးရေးဦးစီးဌာနတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ အား ဖိတ်ကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း သဘာဝမြေသြဇာဖြင့် စိုက်ပျိုးထားသည့် တောင်သူပညာပေး စိုက်ခင်းမှ အသီးအနှံ ဟင်းသီးဟင်းရွက်များ ခူးဆွတ်၍ မိသားစုများ စားဝတ်နေရေး အဆင်ပြေစေရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနရုံးအနောက်ဖက် မြေကွက်အား သဘာမြေဆွေးများထည့်သွင်းပြီး တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးရန် စီစဉ်ထားကြောင်း၊ တောင်သူပညာပေးသင်တန်းမှ ကိုယ်တိုင်ပြုလုပ် သုံးစွဲနိုင်သည့် သဘာဝရွက်ဖြန်းမြေသြဇာ၊ သဘာဝပိုးသတ်ဆေးများ ပြုလုပ်ပြသပေးပြီး စိုက်ခင်းအတွင်း စိုက်ပျိုးထားသည့် သီးနှံများကို အသုံးပြုခဲ့ကြောင်း၊ သို့မှသာ ဓာတ်မြေသြဇာ သုံးစွဲမှုလျော့ကျလာပြီး အန္တရာယ်ကင်းသည့် ဟင်းသီးဟင်းရွက်များ စားသုံးရမှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ ရှင်းပြခဲ့ပြီး ဧည့်သည်များနှင့်အတူ စိုက်ခင်းအတွင်း စိုက်ပျိုးထားသည့် နဂါးမောက်၊သင်္ဘော၊ ခဝဲ၊ ချဉ်ပေါင်၊ ကန်ဇွန်းရွက်၊ ပြည်ပန်းညို၊ ခရမ်း၊ ဆူးပုတ်၊ ရုံးပဒေ၊ ပဲတိုင်တောင်၊ တဆစ်သီး၊ သလဲသီးပင် အစရှိသည်များအား လိုက်လံကြည့်ရှုခဲ့သည်။
ထို့နောက် ဧည့်သည်များနှင့်အတူ ဟင်းသီးဟင်းရွက် အသီးအနှံများ ခူးဆွတ်ပြီး ဝန်ထမ်းမိသားစုများ စားသောက်နိုင်စေရန် ဟင်းသီးဟင်းရွက်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်း - ဝင်းမြင့်အောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment