ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုလွင်ပြင်ပတ်လမ်း‌ ဆောင်ရွက်နေမှုနှင့် ညဲဆာလာဒီ ကျေးရွာအတွင်း ပန်းအာလူး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုလွင်ပြင်ပတ်လမ်း‌ ဆောင်ရွက်နေမှုနှင့် ညဲဆာလာဒီ ကျေးရွာအတွင်း ပန်းအာလူး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေး





MNP - နိုဝင်ဘာ  ၁၆


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် ပူတာအိုမြို့သို့ရောက်ရှိပြီး ပူတာအိုမြို့နယ် ပူတာအိုလွင်ပြင်ပတ်လမ်းအတွင်း လမ်းတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပူတာအိုလွင်ပြင် ပတ်လမ်းပေါ်ရှိ ညဲဆာလာဒီကျေးရွာအတွင်း ပြည်နယ်အစိုးရအဖွဲ့မှ ဖြန့်ဝေထားသည့် ပန်းအာလူးမျိုးစေ့များကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတ၏ နည်းပညာအကူအညီဖြင့် ဒေသခံများ စိုက်ပျိုးထားသော ဆောင်းသီးထပ်သီးနှံအဖြစ် ပန်းအာလူးစိုက်ခင်းများဖြင့် ဖြစ်ထွန်းအောင်မြင်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဒေသခံများ စိုက်ပျိုးထုတ်လုပ်သည့် ပန်းအာလူးများ ဈေးကွက်ရရှိရေး သမဝါယအသင်းစုများနှင့် ချိတ်ဆက်ဝယ်ယူနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဆထီလာကျေးရွာ၊ ရှင်းလင်းဆောင်၌ ပူတာအိုလွင်ပြင် ပတ်လမ်းဖြစ်ပြီး ကျေးရွာအုပ်စု ၃ အုပ်စု၊ ကျေးရွာပေါင်း ၂၈ ရွာ၌ ဖြတ်သန်းဖောက်လုပ်ထားသည့် ပူတာအို - လယ်မယ်ဝါဂျီ - နမ်ရှယ်ကော့ - မန်စေခွန်-မန်စေလမ်း (၂၅)မိုင်အတွင်း ခရိုင်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရေနီတိုမှ ဆထီလော်ကျေးရွာအထိ အရှည် (၇)မိုင်ကျော်လမ်းပိုင်းအတွင်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဘဏ္ဍာနှစ်အလိုက် အပိုင်းလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ခရိုင်ဦးစီးမှူးနှင့် လမ်းတည်ဆောက်ရေးကုမ္ပဏီ တာဝန်ရှိသူတို့၏ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လွင်ပြင်ပတ်လမ်းသည် ပူတာအိုဒေသတွင်း စိုက်ပျိုးရေးထုတ်ကုန်များအတွက် အဓိကကျသည့် ကုန်ထုတ်လမ်း တစ်ခုဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးလာစေမည် ဖြစ်သည့်အပြင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုသော လမ်းတစ်ခုဖြစ်သဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သွားရမည့်လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရေးနှင့် အဆိုပါလမ်းနှင့်အတူ မချမ်းဘောမြို့နယ် ကောင်းမှုလုံ-မန်နို-ပန်ဆပ်-ထုံတမ်း-ဆာထာ ရေခဲတောင်သွားလမ်း(၂၁)မိုင်အား ဖောက်လုပ်သွားနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အဆိုပါလမ်းပိုင်းအတွင်း လမ်းသားတိုးချဲ့ခြင်းနှင့် အောက်ခံအမာ ခင်းကြိတ်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။


ထို့နောက် ဆလားဒီ(၃)ကျေးရွာအတွင်း ပူတာအိုလွင်ပြင်ပတ်လမ်းအတွက် လွှစာမှုန့်လောင် စာ၊ ရေနွေးငွေ့စက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်းခင်းကျောက်ရွေးစက် တည်ထောင်၍ ကျောက်အရွယ်အစားအလိုက် စစ်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)