မိုင်းရှူးမြို့တွင် ဟံသာမုနိမာရဇိန်ဘုရားကြီး၊ လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပွဲတော် ကျင်းပနိုင်ရေးအလှူတော်ငွေ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရှူးမြို့တွင် ဟံသာမုနိမာရဇိန်ဘုရားကြီး၊ လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပွဲတော် ကျင်းပနိုင်ရေးအလှူတော်ငွေ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ



MNP - နိုဝင်ဘာ   ၁၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဟံသာမုနိမာရဇိန်ဘုရားကြီး၊ လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် ကျင်းပနိုင်ရေးအလှူတော်ငွေ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက အမှတ်(၄) ရပ်ကွက် ဟံသာမုနိဘုရားကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ပဓာနနာယက ဘဒ္ဒန္တကဝိန္ဒ အရှင်မြတ်ထံ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး (၅)ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။


ထို့နောက် အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်အောင်က ဆွမ်းဆန်တော် (၆)အိတ်၊ ကုလားပဲ(၂)အိတ်၊ ကြက်ဥ(၅၀၀)လုံး၊ ရွှေဖီဦးလက်ဖက်ရည်ထုတ်(၃)ဖာ၊ ဆီ(၂)ပုံးနှင့် လှူဖွယ်ပစ္စည်းများအား မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ပဓာနနာယက ဘဒ္ဒန္တကဝိန္ဒ အရှင်မြတ်ထံ ဆက်ကပ်လှူဒါန်းခဲ့သည်။


ယင်းနောက် ဆရာတော်ထံ အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်အောင်က ‌ရွှေဆိုင်း(၅၀)ဖြင့်လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးမောင်မောင်လွင်က အလှူ‌တော် ငွေကျပ်သိန်း(၁၀၀)ဖြင့်လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်းက အလှူတော်ငွေကျပ်သိန်း(၁၀၀)ဖြင့်လည်းကောင်း  ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ဆက်လက်၍ တပ်မတော်တပ်ရင်းတပ်ဖွဲ့၊ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းလှူဒါန်းငွေ(၁၁)သိန်း၊ အမှတ်(၁)ရပ်ကွက်(၃၅)သိန်း၊ အမှတ်(၂)ရပ်ကွက် (၁၀)သိန်း၊ အမှတ်(၃)ရပ်ကွက် (၁၀)သိန်း၊ အမှတ်(၄)ရပ်ကွက် (၂၀)သိန်း၊ နားစံကျေးရွာအုပ်စု (၅)သိန်း၊ အမှတ်(၃)ရပ်ကွက်နေ ဦးစိုင်းအောင်ထူးမိသားစုက (၅၀)သိန်းနှင့် အမှတ်(၄)ရပ်ကွက်နေ ဒေါ်နန်းငွေကြည်က ပလ္လင်တော်ရွှေဆေးသုတ်ရန် အလှူ‌တော်ငွေ(၉)သိန်း  စုစုပေါင်းအလှူတော်ငွေကျပ် (၁၁၀)သိန်းတိတိကို အလှူရှင်များကိုယ်စား ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်ဆောက မြို့နယ်‌‌ဂေါပကဥက္ကဋ္ဌ ဦးခွန်လူထံ ပေးအပ်လှူဒါန်းခဲ့ကြပြီး ရေစက်ချတရားနာကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆိုခဲ့ကြသည်။


အဆိုပါ အခမ်းအနားတွင် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊‌ တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်‌‌ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဧည့်သည်တော်(၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း၊ အလှူ‌တော်ငွေ ပေးအပ်လှူဒါန်းခြင်းတွင် ရွှေဆိုင်း(၅၀)ဆိုင်း တန်ဖိုးကျပ်(၇၅)သိန်း၊ အလှူတော် ငွေကျပ်(၂၁၀)သိန်း၊ စုစုပေါင်း ပစ္စည်းနှင့် အလှူတော်ငွေကျပ်(၂၈၅)သိန်းရှိကြောင်း သိရသည်။


သတင်း - သန်းလူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)