MNP - နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအား လူမှု့စီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် စိုက်ပျိုးမွေးမြူရေး၊ လမ်းအဆင့်မြှင့်တင်ခြင်းနှင့် ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြင်းကန်ကျေးရွာအုပ်စု ဆည်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား လူမှု့စီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ကျေးရွာရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပေးလျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သိန်း(၃၀၀)ဖြင့် ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၃ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၈၄ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၉၂ ဦး ၊ လက်မှုလုပ်ငန်း လုပ်ကိုင်သူ ၂ ဦးတို့အား ထုတ်ချေးပေးခဲ့ရာ ယခုဆိုလျှင် အဆိုပါလုပ်ငန်းများမှာ အဆင်ပြေလျက်ရှိပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ အတိုးအရင်းပေါင်း ၆၅၁ သိန်းရှိပြီး ရာသီစက်ဝန်း (၇)ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်ကြောင်း စီမံကိန်းကော်မတီဥက္ကဋ္ဌ ဦးလှမောင်က ပြောကြားခဲ့သည်။ ၎င်းအပြင် ကျေးရွာလမ်းအား အဆင့်မြှင့်တင်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် နိုင်ငံတော်မတည်ငွေ သိန်း ၁၀၀ နှင့် ပြည်သူလူထု၏လုပ်အားတို့ဖြင့် အရှည်ပေ ၆၅၀ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့သည့်အတွက် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ ရာသီမရွေးသွားလာရအဆင်ပြေလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ယင်းအပြင် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများသောက်သုံးရေ အဆင်ပြေစေရေး ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် အနက်ပေ ၇၀ ရှိ ၃ လက်မ စက်ရေတွင်း (၅)တွင်း တူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ အရှည်ပေ ၄၀၀၀ ရှိ ၂ လက်မ PVC ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် အိမ်တိုင်ရာရောက် ရေမီတာသုံးပိုက်လိုင်း ရေသွယ်စနစ်နှင့် အရှည်ပေ ၅၂၈၀ ရှိ ၂ လက်မ PVC ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည့်အပြင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် နိုင်ငံတော်မတည်ငွေ သိန်း ၁၀၀ နှင့် ပြည်သူလူထု၏ထည့်ဝင်ငွေ သိန်း ၁၂၀ တို့ဖြင့် 1000 LPH ရေသန့်စက် (RO Sydtem)နှင့် ရေသန့်စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါရေရရှိရေးလုပ်ငန်းများ မဆောင်ရွက်မီကာလများတွင် ကျေးရွာနှင့်ဝေးကွာသည့် ရေချောင်းမှခက်ခဲစွာရေခတ်ယူရပြီး ယခုလို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာသို့ ကျေးလက်ရေရရှိရေးလုပ်ငန်းများဖြစ်သည့် စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေပိုက်သွယ်တန်းခြင်း၊ ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက်ရေပိုက်သွယ်တန်းခြင်းအပြင် 1000 LPH ရေသန့်စက် (RO Sydtem) နှင့် ရေသန့်စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသည့်အတွက် မိမိတို့နေအိမ်တွင် ရေဘားဖွင့်ရုံဖြင့် အလွယ်တကူ ရေကိုသုံးစွဲနိုင်သည့်အပြင် သန့်ရှင်းသောရေသန့်ကိုလည်း အလွယ်တကူသောက်သုံးနိုင်ပြီဖြစ်ကြောင်း ကျေးရွာရေကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်ထံမှ သိရသည်။
သတင်း - သိန်းမြင့်ကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment