ပြည်သူ့မြေတွေ ပြည်သူ့ပြန်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့မြေတွေ ပြည်သူ့ပြန်ပေး



အခု ရက်ပိုင်းအတွင်း မင်္ဂလာဒုံမြို့နယ်အတွင်းက တပ်ပိုင်မြေမှာ ကျူးကျော်နေထိုင်သူတွေ ဖယ်ရှားခြင်းခံခဲ့ရပါတယ်။ ဥပဒေစိုးမိုးရေးကို အလေးထားပြီး ဥပဒေနဲ့အညီ လုပ်ဆောင်တဲ့ အလုပ်ကို မကန့်ကွက်ပါဘူး။ အလားတူပဲ လှိုင်သာယာမြို့နယ်ထဲက ကျူးကျော်တွေကို ရှင်းလင်းခဲ့တာလည်း ရှိပါတယ်။ အခြားသော မြို့နယ်တွေမှာလည်း ကျူးကျော်နေထိုင်သူတွေကို ရှင်းလင်းခဲ့တဲ့ လုပ်ငန်းစဉ်တွေ ရှိပါတယ်။ နိုင်ငံရေးအစွန်းရောက်တွေက အကြမ်းဖက်လှုပ်ရှားမှုအတွက် ကျူးတွေကို အသုံးချနေတဲ့ ပြဿနာတွေလည်း ရှိပါတယ်။ 

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုနဲ့ ပတ်သက်လို့ ဦးနေမျိုးနဲ့အတူ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်မြို့နယ်များက မြေယာသိမ်းဆည်းခံ တောင်သူများရဲ့ အရေးကိစ္စတွေကို လိုက်ပါလုပ်ဆောင်နေစဉ်က မင်္ဂလာဒုံမြို့နယ် တပ်ပိုင်မြေထဲမှာ နေထိုင်သူတွေက လာရောက်အကူအညီတောင်းခံလို့ သွားရောက်ကူညီခဲ့ဖူးတာလည်း ရှိပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာပါ။ လာရောက်အကူအညီတောင်းခံသူတွေက မြေငှားပြီး စိုက်ပျိုးရေးလုပ်နေကြသူတွေ ဖြစ်ပါတယ်။ တခြားကုမ္ပဏီတစ်ခုက ငှားရမ်းလာတဲ့အခါကြတော့ သူတို့ဖယ်ပေးရမယ့် အခြေအနေမှာ လာရောက်အကူအညီ တောင်းခံတဲ့အခါ ဦးနေမျိုးဝေက တပ်ပိုင်မြေကို အမြဲတမ်းနေထိုင်ခွင့်ရဖို့တော့ မဖြစ်နိုင်ဘူး။ ကာလအတိုင်းအတာ တစ်ခုအထိ ကလေးတွေ ကျောင်းပိတ်တဲ့အထိ၊ စိုက်ပျိုးသီးနှံတွေ သိမ်းဆည်းပြီးတဲ့အထိ တောင်းဆိုတာမျိုးတော့ ဖြစ်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ စက်မှုဇုန်များမှ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်လို့ ဆောင်ရွက်ပေးရာမှာလည်း စက်မှုဇုန်ဥပဒေအရ သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်ခြင်းမရှိဘဲ ခြံစည်းရိုးခတ် ရယူထားတာတွေကို ဥပဒေနဲ့အညီ ပြန်လည်စွန့်လွှတ်ပေးဖို့ ဆောင်ရွက်ခဲ့တာမျိုးပဲ ရှိပါတယ်။ နိုင်ငံတော်ကို ဥပဒေမဲ့ တောင်းဆိုခဲ့တာမျိုးမရှိခဲ့ပါဘူး။

အလားတူပဲ မန္တလေးတိုင်းဒေသကြီးထဲက ပြင်ဦးလွင်၊ ရှမ်းပြည်နယ်ထဲက နောင်ချို၊ တောင်ကြီး တို့မှာ နိုင်ငံတော်က သိမ်းဆည်းပြီး စီမံကိန်းအကောင်အထည်မပေါ်တဲ့ မြေတွေ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဒေသအာဏာပိုင်တွေက အာဏာအလွဲသုံးစားလုပ်ပြီး ရောင်းချလိုက်တာမျိုးတွေကို ဥပဒေနဲ့အညီ ပြန်လည်ဆောင်ရွက်ပေးဖို့ အရေးဆိုးခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဒီလိုကူညီဆောင်ရွက်ရာမှာ သက်ဆိုင်ရာစီမံခန့်ခွင့် ရှိသူတွေအနေနဲ့ မှန်မှန်ကန်ကန် စီရင်ဆုံးဖြတ်ပေးနိုင်ဖို့ တောင်သူများ မကျွမ်းကျင်တဲ့ အပိုင်းတွေကို ဥပဒေပါပြဋ္ဌာန်းချက်များနဲ့အညီ ရေးသားတင်ပြနိုင်ဖို့ဆောင်ရွက်ပေးတာကလွဲရင် အခြားကိစ္စမရှိပါဘူး။ စီမံခန့်ခွဲခွင့် ရှိသူတွေလည်း မဟုတ်ပါဘူး။

အခု ကျူးကျော်တွေကို ရှင်းလင်းတယ်။ ဥပဒေအရ အရေးဆိုလို့မရပါဘူး။ သို့ပေသော် နိုင်ငံသူ၊ နိုင်ငံသားတွေအနေနဲ့ အရေးဆိုလို့ ရတာ ရှိပါတယ်။ အဲဒါကတော့ နိုင်ငံသားတိုင်း မြေယာပိုင်ဆိုင်ခွင့်ရဖို့။ အိမ်ထောင်စုတစ်စု မြေကွက်တစ်ကွက် ရရှိဖို့၊ ကျူးကျော်နေထိုင်ရတဲ့ အဖြစ်မျိုး မရောက်စေဖို့ နိုင်ငံတော်အနေနဲ့ စီစဉ်ပေးပါဆိုရင် နိုင်ငံတော်က သင့်လျော်အောင် စီစဉ်ပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ မိမိတို့ကို စီမံအုပ်ချုပ်နေတဲ့ အစိုးရတစ်ရပ်ကို တောင်းဆိုခြင်း၊ မေတ္တာရပ်ခံခြင်းက လုပ်ခွင့်ရှိပါတယ်။ 

ကျူးကျော်နေထိုင်သူတွေကို ရှင်းလင်းတဲ့အခါကြတော့ မြေကွက်တွေကျူးပြီး ရောင်းစားတဲ့သူက အမြတ်ထွက်တယ်။ မရှိမဲ့ ရှိမဲ့ စုဆောင်းပြီး ဝယ်ယူနေထိုင်ကြသူတွေမှာ ဆုံးရှုံးမှုဖြစ်ရတယ်။ ဆုံးရှုံးမှုဖြစ်လာတော့ မကျေနပ်မှုတွေ ဖြစ်လာတာပါပဲ။ ဒါကို ကုစားတဲ့နည်းလမ်းဆိုတာကိုလည်း သက်ဆိုင်သူများအနေနဲ့ ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

နစကအစိုးရတက်လာပြီးနောက်ပိုင်း လယ်ယာမြေများသိမ်းဆည်းခံရမှုနဲ့ ပတ်သက်လို့ ဆက်သွယ်အကူအညီတောင်းခံသူတွေ ရှိပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ မေးပေးဖို့၊ ကူညီဆောင်ရွက်ပေးဖို့ ဆိုတာမျိုးပေါ့။ ကျွန်တော်တို့ ကူညီနိုင်တာက တာဝန်ရှိသူတွေထံ စနစ်တကျ တင်ပြတဲ့အလုပ်လောက်ပဲ ကူညီနိုင်တာပါ။ စီမံခန့်ခွဲခွင့် ရှိသူတွေက မလိမ့်တပတ် မသိကျိုးကျွန်ပြုထားရင် ဘာမှမတတ်နိုင်ပါဘူး။

နစက အပြောင်းအလဲမဖြစ်မီကတည်းက တောင်ဥက္ကလာပမြို့နယ်ထဲမှာ ရာဇာမင်း(PUMA) ဆီဆိုင်က စည်ပင်နဲ့ပေါင်းပြီး လူပါးဝထားတဲ့ ဒေါ်သင်းသင်းရီရဲ့ မြေကွက်ကိစ္စ၊ NLD အစိုးရလက်ထက်မှာ ဖြိုးမင်းသိန်းနဲ့ ပေါင်းပြီး မြေကွက်တွေ လက်ညှိုးထိုးပြီး လိုက်ယူနေတဲ့ YP ဆီဆိုင်က လူပါးဝနေတဲ့ကိစ္စတွေကို ပြောဆိုခဲ့ပါတယ်။ ဖြိုးမင်းသိန်း လက်ထက်မှာ တစ်ဧက သိန်း(၁၀၀)နဲ့ ပေးလျော်နေတဲ့ လယ်ယာမြေကိစ္စတွေ မပြီးပြတ်ဘဲ ကျန်နေတာရှိပါတယ်။ ဗိုလ်တစ်ထောင်မြို့နယ်မှာ တပ်မတော်က ဂိုဒေါင်များဆောက်ဖို့ သိမ်းယူခဲ့ရာမှ ပြောင်းရွှေ့သွားတဲ့အခါမှာ မူလမြေပိုင်ရှင်တွေလက်ထဲ ပြန်မပေးဘဲ ခရိုနီတွေကို ကွန်ဒိုတွေ ဆောက်လုပ်ခွင့်ပေးလိုက်တဲ့ကိစ္စမှာ လျော်ကြေးပြန်ပေးတော့ ဆန္ဒပြတဲ့သူတွေကို မပေးဘူး ဆိုတဲ့ ယုတ်မာမှုတွေ ရှိခဲ့ပါတယ်။

ပြင်ဦးလွင်မြို့မှာ လယ်ယာမြေတွေကို အခြားနည်းသုံးစွဲခွင့် ပေးထားခြင်းမရှိဘဲ ခြံကွက်ရိုက်ရောင်းနေတဲ့ကိစ္စတွေ လက်လှမ်းမှီသမျှ တင်ပြခဲ့ပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးမှာ၊ နောင်တရားမှာ မြို့ပြတိုးချဲ့စီမံကိန်းအတွက် သိမ်းဆည်းပြီး တာဝန်ရှိသူတွေက စီမံကိန်းအတွက် အသုံးမပြုဘဲ ရောင်းစားလိုက်တဲ့ကိစ္စတွေကိုလည်း တင်ပြခဲ့ပါတယ်။ ဒါက မိမိလက်လှမ်းမီသ၍ ချိတ်ဆက်အကူအညီတောင်းခံလာတဲ့ ကိစ္စတွေဖြစ်ပါတယ်။ 

တပ်ပိုင်မြေ၊ အစိုးရပိုင်မြေတွေမှာ ကျူးကျော်နေထိုင်သူတွေကို ဥပဒေနဲ့အညီ ဖြေရှင်းသလို ပြည်သူတွေ နစ်နာဆုံးရှုံးခဲ့ရတဲ့ ကိစ္စတွေကို ကြတော့ ဘာကြောင့် ဥပဒေနဲ့အညီ ပြီးပြတ်အောင် ဘာကြောင့် မဖြေရှင်းပေးတာလဲ။ ဒီနေရာမှာတော့ ကျွန်တော်က ဦးသိန်းစိန်အစိုးရလက်ထက်က စလို ယနေ့ နစကအစိုးရလက်ထက်အထိ အစိုးရအဖွဲ့အကြီးအကဲများကို အပြစ်မတင်လိုပါဘူး။ အပြစ်တင်လို့လည်း မရပါဘူး။ နိုင်ငံတော်အကြီးအကဲများထံ နစ်နာသူများက တင်ပြတယ်။ နိုင်ငံတော်အကြီးအကဲများကလည်း ဖြေရှင်းဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တာတွေ ရှိပါတယ်။

အထူးအားဖြင့် ပြောရမှာကတော့ ဒေသအာဏာပိုင်တွေပဲ ဖြစ်ပါတယ်။ ကျူးကိစ္စတွေကို နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်အကြီးအကဲများက ရှင်းလင်းဖို့ ညွှန်ကြားတဲ့အခါမှာတော့ မဆိုင်းမတွ ရှင်းပါတယ်။ ဒါကို အပြစ်မတင်ပါဘူး။ လယ်ယာမြေသိမ်းဆည်းခံ တောင်သူတွေရဲ့ ကိစ္စတွေမှာတော့ ဒေသအာဏာပိုင်တွေဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပါဝင်ပတ်နေကြပါတယ်။ မြေယာကိစ္စတွေမှာ ဒေသအာဏာပိုင်တွေကိုယ်တိုင်က ပါဝင်ပတ်သက်နေတဲ့အခါ နစ်နာသူတွေက တင်ပြ၊ နိုင်ငံတော်အကြီးအကဲများက ဖြေရှင်းဖို့ညွှန်ကြားသော်လည်း ဒေသအာဏာပိုင်တွေက အချိန်စွဲထားတယ်။ နည်းအမျိုးမျိုးနဲ့ ကြန့်ကြာအောင် လုပ်တယ်။ တော်ကြာ ပြောင်းရွှေ့သွားပြန်ပြီ။ နောက်ထပ်အသစ်ရောက်လာသူက အစကနေပြန်ပြီး လေ့လာနေပါတယ်။ နောက်တော့ ပေးနိုင်ကမ်းနိုင်သူတွေနဲ့ ပတ်သက်သွားပြန်ပြီ။ အချိန်စွဲထားပြန်ပြီ။ ကိစ္စတွေက မပြီးပြတ်နိုင်ပါဘူး။

ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်ကလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုခြင်းသာ ဖြစ်ပါတယ်။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုနဲ့ ပတ်သက်လို့ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက စတင်ဖြေရှင်းခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ မပြီးပြတ်တာကတော့ စတင်အကောင်အထည်ဖော်တဲ့ ကာလမို့လို့ ရှိပါစေတော့ပေါ့။ NLD အစိုးရတက်လာတော့ မရိုးဖြောင့်တဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေအပြင် ကိုယ်ကျိုးရှာလိုတဲ့ လူလိမ်လူညစ်ပတ် လွှတ်တော်ကိုယ်စားလှယ်များကပါ ဝင်ရောက်ခြယ်လှယ်လာပြန်တယ်။ ၂၀၂၀ ရွေးကောက်ပွဲနီးတော့ သူတို့ကို မဲပေးရင် လယ်ယာမြေတွေ ပြန်ရမှာလို့ မက်လုံးပေးစည်းရုံးတယ်။ နိုင်ငံရေးသမားများရဲ့ မလိမ့်တပတ်လုပ်ခြင်းကိုပါ ခံရပြန်တယ်။ နစက အစိုးရလက်ထက်မှာ ဒီကိစ္စတွေကို ပြီးပြတ်စေချင်တာက ကျူးတွေကို ပြတ်ပြတ်သားသား ရှင်းလင်းဆောင်ရွက်သကဲ့သို့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုတွေကိုလည်း ပြီးပြတ်အောင် ဖြေရှင်းပေးစေလိုခြင်းဖြစ်ပါတယ်။ အကြောင်းကတော့ ဒါကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်တဲ့ ပြဿနာတွေလည်း ဖြစ်လာမယ်။ နစ်နာသူတွေမှာ အစိုးရအဆက်ဆက် တင်ပြတောင်းခံရတာလည်း မောလှပါပြီ။ အထူးအားဖြင့် ဒေသဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ဒီမြေယာတွေပေါ်ကနေ အကျိုးအမြတ်များလည်း ရတန်သ၍ ရရှိခံစားပြီးပါပြီ။ နိုင်ငံတော်အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်ကြောင့် ကျူးတွေကို ချက်ချင်းလက်ငင်းရှင်းသလို ပြည်သူတွေရဲ့ နစ်နာမှုတွေနဲ့ ပတ်သက်လို့ တင်ပြတိုင်ကြားမှုတွေကိုလည်း ဥပဒေနဲ့အညီ အမြန်ဆုံး ပြီးပြတ်အောင် ဖြေရှင်းပေးဖို့ တိုက်တွန်း တောင်းဆိုလိုက်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)