ဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများ၏ အရည်အသွေးများမြှင့်တင်ရေး (ဒုတိယအကြိမ်) အသိပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများ၏ အရည်အသွေးများမြှင့်တင်ရေး (ဒုတိယအကြိမ်) အသိပညာပေးဆွေးနွေးပွဲ ကျင်းပ




MNP ၊ နိုဝင်ဘာ ၃၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံ-ဂျပန်ဗဟိုဌာန၏ အထောက်အပံ့ဖြင့် National Activity Project-2022 ကို အကောင်အထည်ဖော် သည့်အနေဖြင့် ဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေး ဒုတိယ အကြိမ် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ပုဂံမြို့ ရွှေနန်းတော် ဟိုတယ်၌ ကျင်းပသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ယနေ့ဆွေးနွေးပွဲသည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို သိသိသာသာ ထိန်းချုပ်နိုင်ခြင်းကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ပြီး ယခုအခါ ဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အာဆီယံ-ဂျပန်ဗဟိုဌာနနှင့် ပူးပေါင်း ၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဤအစီအစဉ်များကို အာဆီယံ-ဂျပန်ဗဟို ဌာနဖြင့် နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် ဂျပန်ဧည့်လမ်းညွှန်များ၏ အရည်အသွေးများ မြှင့်တင်ရေးသင်တန်းများကို လည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် ဂျပန်အစားအစာ အချက်အပြုတ်သင်တန်းတို့ကို လည်းကောင်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း။


၂၀၁၉ ခုနှစ်တွင် ဂျပန်ခရီးသွား ဧည့်သည် သန်း ၂၀ ခန့်သည် ပြည်ပနိုင်ငံ များသို့ သွားရောက် လည်ပတ်ခဲ့ပြီး ၎င်းတို့ အနက် အာဆီယံဒေသသို့ ၅ ဒသမ ၆ သန်း ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံသို့ ဂျပန်ခရီးသွားဧည့်သည် တစ်သိန်းကျော်ခန့် လာရောက်လည်ပတ်ခဲ့ရာ ဂျပန်ခရီး သွားဧည့်သည် များသည် မြန်မာနိုင်ငံ၏ အဓိက ဦးတည်ဈေးကွက်များအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ထို့အတွက် မြန်မာနှင့် ဂျပန်နိုင်ငံအကြား ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် ဂျပန်ခရီးသွားဧည့်သည်များအပေါ် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးစွမ်း နိုင်ရေးကို ရည်မှန်း ပြီး ယနေ့ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ဆွေးနွေးပြော ကြားသည်။


ဆက်လက်၍ အာဆီယံ-ဂျပန်ဗဟို ဌာနမှ အထွေထွေအတွင်းရေးမှူးချုပ် H.E. Dr. Kunihiko Hirabayashi က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံနှင့် အာဆီယံ-ဂျပန်ဗဟိုဌာနမှ တာဝန်ရှိသူများနှင့် ဂျပန်ခရီးသွား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ဆက်လက်ဆွေးနွေးပို့ချသည်။


ထို့ပြင် ကမ္ဘာ့ခရီးသွားလုပ်ငန်း ကောင်စီ (WTTC) ၏ ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၌ ဆော်ဒီအာရေဗျ နိုင်ငံ Riyadh မြို့၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။


ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘာ့ခရီးသွား လုပ်ငန်းကောင်စီဥက္ကဋ္ဌ Mr. Arnold Donald၊ ဆော်ဒီအာရေဗျနိုင်ငံ ခရီးသွား လုပ်ငန်းဝန်ကြီး H.E. Ahmed Al Khateeb နှင့် ကမ္ဘာ့ခရီးသွား လုပ်ငန်းကောင်စီ အမှုဆောင်အရာရှိချုပ် Ms. Julia Simpson တို့က အဖွင့်အမှာစကား ပြောကြားကြသည်။


ယင်းနောက် “ခရီးသွားခြင်းသည် ကမ္ဘာ့စီးပွားရေးအတွက် အဖြေတစ်ရပ်” ဟူသော ခေါင်းစဉ်အောက်တွင် ခေါင်းစဉ်ငယ်များခွဲ၍ စကားဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာ ဆော်ဒီအာရေဗျနိုင်ငံ ခရီး သွားလုပ်ငန်းဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ နိုင်ငံတကာ လေကြောင်းလိုင်းများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များ ပါဝင်ဆွေးနွေးကြသည်။


ထို့နောက် “ခရီးသွားခြင်းသည် ကမ္ဘာကြီးအတွက် အဖြေတစ်ရပ်” ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲများပြုလုပ်၍ ဆော်ဒီအာရေဗျနိုင်ငံ စွမ်းအင်ဝန်ကြီး၊ အီဂျစ်နိုင်ငံ ခရီးသွားလုပ်ငန်းနှင့် ရှေးဟောင်းသုတေသနဝန်ကြီး၊ ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဌာန အတွင်းဝန်နှင့် ကျွမ်းကျင်ပညာရှင်များ ပါဝင်ဆွေးနွေးကြသည်။


ဆက်လက်၍ “ခရီးသွားခြင်းသည် ပိုမိုကောင်းမွန်သော အသက်မွေး ဝမ်းကျောင်းအတွက် အဖြေတစ်ရပ်” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးကြသည်။ ဆွေးနွေးမှုများအပြီးတွင် ညီလာခံ ပထမနေ့ကို ရုပ်သိမ်းခဲ့ပြီး ဒုတိယနေ့ကို အခမ်းအနား အစီအစဉ်များအတိုင်း ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)