တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လေယာဉ်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လေယာဉ်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားသို့ တက်ရောက်

 


MNP - နိုဝင်ဘာ  ၂၆


လေယာဉ်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ထားဝယ်လေဆိပ်တွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှအားပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်လင်းထွန်းက တိုင်းဒေသကြီးအတွင်းနှင့် တိုင်းဒေသကြီးပြင်ပမှ ထားဝယ်မြို့သို့ လေယာဉ်ဖြင့် ခရီးသွားလာသည့် ပြည်သူများ၏ မီးဘေးလုံခြုံရေးနှင့် မမျှော်မှန်းနိုင်သည့် အခြားဘေးအန္တရာယ်များ ကြုံတွေ့ပါက မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ ဇာတ်တိုက်လေ့ကျင့်ရခြင်းဖြစ်ကြောင်းနှင့် ဇာတ်တိုက်လေ့ကျင့်ရခြင်း၏ စီမံချက်အား ရှင်းလင်းတင်ပြသည်။


ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် ပျံသန်းလာသော ခရီးသည်တင် လေယာဉ်တစ်စင်းသည် လေယာဉ်ရှေ့ဘီး (Nose Wheel) ချ၍မရသည့် ပြဿနာကြုံတွေ့ရပြီး ထားဝယ်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ရသောကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမွန်မြတ်သော ကုသိုလ်ပြုအရေးပေါ်(အခမဲ့) ကူညီသယ်ဆောင်ရေးအဖွဲ့မှ အဖွဲ့ဝင်များက (Medium Firefighting & Rescue Vehicle) (ပိုလန်မီးသတ်ယာဉ်)၊ ရှာဖွေ ကယ်ဆယ်ရေးယာဉ်နှင့် ရေသယ်ယာဉ်များ လိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများ ယူဆောင်၍လျှ င်မြန်စွာ ရောက်ရှိလာပြီး မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။


ထို့နောက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက လေယာဉ်အတွင်း ပိတ်မိနေသော ခရီးသည်များကို ကယ်ထုတ်နိုင်ရန်အတွက် Hydraulic Cutter, Hydraulic Spreader တို့ကို အသုံးပြု၍ လေယာဉ်ကိုယ်ထည်အား ဖြတ်တောက်ဖောက်ထွင်းခြင်း၊ မီးလောင်နေသည့် တောင်ပံအား ရေမှုန်ရေမွှားဖြင့် ပက်ဖျန်းခြင်း၊ လေယာဉ်အတွင်း ပိတ်မိနေသည့် ခရီးသည်များကို အသက်ရှူကိရိယာများ အသုံးပြု၍ လေယာဉ်အတွင်းမှ ဘေးလွတ်ကင်းရာသို့ ကယ်ထုတ်ခြင်း များဆောင်ရွက်ခဲ့ကြသည်။


ဆက်လက်၍ ပူးပေါင်းအဖွဲ့များက  လေယာဉ်အတွင်းမှ ကယ်ထုတ်လာသော ဒဏ်ရာရ ခရီးသည်များကို ရှေးဦးသူနာပြုစုပေးခဲ့ပြီး အနီးဆုံးဆေးရုံကို ပို့ဆောင်ပေးကာ မီးလောင်နေသည့် လေယာဉ်ကိုယ်ထည်အား ပေါက်ကွဲမှုမဖြစ်ပေါ်စေရေး လေဆိပ်မီးသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်၊ ပိုလန်မီးငြိမ်းသတ်ယာဉ်တို့မှ (Foam) အမြှုပ်ဆေးရည်ကို အသုံးပြု၍ ဖုံးအုပ်ငြိမ်းသတ်နေခြင်း စသည့်လုပ်ငန်းများကို အချိန်တိုအတွင်းလျှင်မြန်စွာ ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တပ်ဖွဲ့ဝင်များအား ယခုဇာတ်တိုက် လေ့ကျင့်နေမှုသည် ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ပထမအကြိမ်က ငလျှင်ဘေးကြုံတွေ့ပါက ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဖြစ်ကြောင်း၊ လေ့ကျင့်ရေးသည် အရေးကြီးကြောင်း၊ ဘေးအန္တရာယ်ကျရောက်လာပါက လျှင်မြန်စွာ ကူညီကယ်ဆယ် နိုင်မှာဖြစ်ကြောင်း၊ လေ့ကျင့်ရာတွင် ပါဝင်သောအဖွဲ့များအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)