တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက်

 




MNP - နိုဝင်ဘာ  ၁၂


တိုင်းရင်းသားဘာသာစကားသင်ဆရာ၊ ဆရာမများအတွက်အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်ပညာရေးဒီဂရီကောလိပ် ပညာရတနာခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာများနှင့် တိုင်းရင်းသား ဘာသာစကား သင် ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြသည်။


အဆိုပါ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားအား “ကြိုဆိုလက်ကမ်း ကံ့ကော်တန်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က "ယခုလိုဆွေးနွေးပွဲများအား နိုင်ငံတစ်ဝှမ်း လုံးရှိ ပညာရေးဒီကရီကောလိပ်များတွင် ဖွင့်လှစ်ဆွေးနွေးလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာ စကားသင် ဆရာ/ဆရာမများ အနေဖြင့်မိမိတတ်ကျွမ်းသည့် ဘာသာရပ်များအပြင် အခြားလိုအပ်သော ဘာသာရပ်များကိုလည်း တစ်ဖက်တစ်လမ်းမှ ဝင်ရောက်သင်ကြားပေးလျက်ရှိသည်ကို သိရှိရသည့်အတွက် ဝမ်းသာဂုဏ်ယူ မိပါကြောင်း၊ မိမိ၏တပည့်သားသမီးတွေကို မတတ်တာတွေတတ်အောင်၊  မသိတာတွေကိုသိအောင်၊ နားမလည်တာတွေကို နားလည်အောင်၊ မကျွမ်းကျင်တာတွေ ကျွမ်းကျင်အောင်၊ မလိမ္မာတာတွေကိုလိမ္မာအောင်၊ လမ်းမှားရောက်နေတာကို လမ်းမှန်ရောက်ဖို့အတွက် သွန်သင်ဆုံးမပေးရမှာ ဆရာဆရာမများရဲ့ တာဝန်ပင်ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်ဖြစ်သော "ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများကအစပြု"သည် ဆရာများအနေဖြင့် ပညာရေးပြုပြင် ပြောင်းလဲမှုတွင် အရေးပါပုံကို မီးမောင်းထိုးပြခြင်း ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းအားဖြင့် ဆရာ/ဆရာမများရဲ့ သင်ကြားရမယ့် အခန်းကဏ္ဍတွေမှာ ပိုမိုအရည်အသွေးရှိရှိ ဆောင်ရွက်လာသည်ကို တွေ့မြင် ရမှာဖြစ်ပါကြောင်း၊ ဆွေးနွေးရာတွင် အခြေခံဘာသာစကားသင်ပြနည်း၊ နိုင်ငံချစ်စိတ်နှင့်ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ဖွံ့ဖြိုးရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲကိုတက်ရောက်လာကြသည့် ဆရာ/ဆရာမများက ဆွေးနွေးမှုများ အပေါ် လေးလေးနက်နက် လိုက်နာမှတ်သားကြဖို့လိုပါကြောင်း၊ ဆွေးနွေးခဲ့သည့် အကြောင်းအရာများကိုလည်း မိမိတာဝန်ကျရာ ဒေသများတွင် ဆင့်ပွားမျှဝေခြင်း ထပ်ဆင့်ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ရရှိလာသည့် ရလဒ်များကိုလည်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ဆရာ/ဆရာမများသည် ကျောင်းသား/ကျောင်းသူများ၏ စံနမူနာပြဖြစ်ဖို့လိုပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် အရင်းတည်ပြီး နိုင်ငံတော်ရဲ့ အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် တပည့်များအား အရည်အချင်းပြည့်ဝသည့် လူတော်လူကောင်းများဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း" ပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် ဂုဏ်ပြု ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိသတ်များက စကောကရင်တိုင်းသား၊ ရခိုင်တိုင်းရင်းသား၊ ချင်းတိုင်းရင်းသားနှင့် ပိုးကရင် တိုင်းရင်းသားတို့၏ ရိုးရာအကများဖြင့် ကပြဖော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတော၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များမှ တိုင်းရင်းသား ဘာသာစကားသင် ဆရာ/ဆရာမ (၃၇၂)ဦး တက်ရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)