"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်၌ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်၌ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

 



MNP - နိုဝင်ဘာ ၂၇


"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီက ဟိုပန်မြို့နယ်၊ မန်ကောင်းရပ်ကွက်ရှိ သာသနာ့ရောင်ခြည် ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဟိုပန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က အဖွင့်အမှာစကား ပြောကြားပြီး "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နွေမိုးအေးက မိမိတို့ မြို့သည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်မြို့များနှင့်ဆက်စပ်လျက်ရှိသည့် မြို့နယ်တစ်ခုဖြစ်ပါကြောင်းနှင့် တစ်ခြားနိုင်ငံများသို့ အလုပ် အကိုင်များ သွားရောက်လုပ်ကိုင်ပါက လူကုန်ကူးမှုများ မဖြစ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်၊ အများပြည်သူများအား ဒေသအတွင်းနှင့် နိုင်ငံတကာတွင် ဖြစ်ပွားနေသော လူမှောင်ခို၊လူကုန်ကူးမှုဆိုင်ရာ  ဗဟုသုတများရရှိကြစေရန်နှင့် မိမိပတ်ဝန်းကျင်၌ လူကုန်ကူးမှုအန္တရာယ်များဖြစ်ပွားမှုမရှိစေရေး စုပေါင်းတားဆီးကာကွယ်ကြစေရန်တို့ကို ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် ဟိုပန်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ချယ်ရီစိုးက လူကုန်ကူးမှုဆိုင်ရာများနှင့် ပတ်သက်၍  ဖြစ်ပွားလေ့ရှိသည့် အတွေ့အကြုံ ဖြစ်ရပ်များ၊ ဖြစ်စဉ်များကိုလည်းကောင်း၊ အမှတ်(၂)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(ချင်းရွှေဟော်)မှ ဒုတိယရဲမှူး အောင်လွင်ဦး က လူမှောင်ခို၊လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာများ၊ ကမ္ဘာပေါ်တွင် လူကုန်ကူးမှု များစတင်ပေါ်ပေါက်လာပုံများ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှု မြောက်စေသော ပြစ်မှုအင်္ဂါရပ်များ၊ ခေါင်းပုံ ဖြတ်ခြင်းဆိုင်ရာများ၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များနှင့် လူကုန်ကူးမှု ဆိုင်ရာပြစ်မှုနှင့်ပြစ်ဒဏ်များ စသည့်အချက်အလက်များကို လည်းကောင်း ပရိုဂျက်တာဖြင့် အကျယ်တဝင့် ဟောပြောခဲ့ကြသည်။


ဆက်လက်၍ ဟိုပန်မြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဝင်၊ မြို့နယ် ဥပဒေအရာရှိ ဦးနေလင်းထွန်းက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေကြောင်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။ 


အဆိုပါ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ ဟိုပန်မြို့ပေါ် ရပ်ကွက်(၁၀)ရပ်ကွက်မှ ပြည်သူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)