ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြု တွေ့ဆုံပြီး ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ အဆင့်မြင့်အရာရှိကြီးအဆင့် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြု တွေ့ဆုံပြီး ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ အဆင့်မြင့်အရာရှိကြီးအဆင့် အစည်းအဝေးကျင်းပ







MNP ၊ နိုဝင်ဘာ ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အား ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့များ၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Shakil Ahmed (SPP, nswc, afwc, psc) နှင့် အဆင့်မြင့်အရာရှိကြီး များသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။


ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဒုတိယဝန်ကြီး/ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့သည်။


တွေ့ဆုံမှုတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေမှုများ တားဆီးနှိမ်နင်းရေး၊ နယ်မြေသတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ဖလှယ်ခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ သည်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်သမားများအား ဘင်္ဂလားဒေ့ရှ်နယ်မြေတွင် လုံးဝအခြေပြုခိုအောင်းခွင့် ပြုမည်မဟုတ်ပါကြောင်း၊ တားဆီးနှိမ်နင်းရေး ကို မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ပိုမိုပူးပေါင်းဆောင်ရွက် တိုက်ဖျက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့ပြင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်နိမိတ်မျဉ်း တစ်လျှောက် နှစ်ဘက်ညှိနှိုင်းကင်းလှည့်ခြင်း၊ ချစ်ကြည်ရင်းနှီးမှု ပိုမိုကောင်းမွန်အောင် အပြန်အလှန် နားလည်ယုံကြည်မှုများ တည်ဆောက်ခြင်း စသည်တို့ကို ပိုမိုမြှင့်တင်နိုင်ရန်ကိစ္စများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန် ပေးအပ်ခဲ့သည်။


ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Shakil Ahmed (SPP, nswc, afwc, psc) ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများပါဝင်သော ကိုယ်စားလှယ် ၁၁ ဦးသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိခဲ့ကြသည်။


၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် (၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့်အရာရှိကြီးများအဆင့်အစည်းအဝေးကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် အောင်နိုင်သူ ဦးဆောင်၍ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ အဆင့်မြင့်အရာရှိကြီးများပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၁၅ ဦး၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Shakil Ahmed (SPP, nswc, afwc, psc) ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ ၁၁ ဦးတို့ တက်ရောက်ခဲ့ကြသည်။


အဆိုပါ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအစည်းအဝေးတွင် နယ်စပ် ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်နိမိတ် တစ်လျှောက် ကုန်းမြေနှင့် မြစ်ကြောင်းအတွင်း ပူးတွဲကင်းလှည့်မှုများ ပိုမိုဆောင်ရွက်ရေး၊ နိုင်ငံဖြတ် ကျော်မှုခင်းများ ကြိုတင်ကာကွယ်ရေးနှင့် အကြမ်းဖက်မှုနှင့် အကြမ်းဖက်အုပ်စုများတိုက်ဖျက်ရေး၊ ရာဇဝတ်ဂိုဏ်းများ၏ နယ်စပ်ဖြတ်ကျော်သွားလာမှုများ ကြိုတင်ကာကွယ်ခြင်း ပူးပေါင်းဆောင်ရွက် ရေး၊ တရားမဝင် နယ်နိမိတ်ဖြတ်ကျော်ခိုးဝင်/ခိုးထွက်မှုများ ထိရောက်စွာ တားဆီးနှိမ်နင်းရေး၊ မူးယစ် ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။


ထို့နောက် နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုအားနည်း ချက်များကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲရလဒ်များနှင့်ပတ်သက်၍ ကြိုတင်မျှော်တွေး သုံးသပ်ခဲ့ပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ ချစ်ကြည်ရင်းနှီးမှုမြှင့်တင်နိုင်ရေးတို့နှင့်ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ရန် အချက် ၁၄ ချက်ကို သဘောတူညီခဲ့ကြသည်။


၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ (၈)ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးအဆင့်အစည်းအဝေးတွင် နှစ်ဘက် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးသဘောတူညီခဲ့ကြသည့် Joint Record of Discussion – JRD ကို မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Shakil Ahmed (SPP, nswc, afwc, psc)တို့က အစည်းအဝေးခန်းမတွင် လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခြင်း ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ အစည်းအဝေးကျင်းပမှုနှင့် ဆွေးနွေး သဘောတူညီမှုရလဒ်များနှင့်ပတ်သက်၍ မီဒီယာများအား ရှင်းလင်းပြောကြား၍ သတင်းထုတ်ပြန် ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။


ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Shakil Ahmed (SPP, nswc, afwc, psc) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး/ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲချုပ်၏ဧည့်ခန်းမသို့ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုတွင် နှစ်နိုင်ငံနယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုနှင့် အကြမ်း ဖက်အုပ်စုများတိုက်ဖျက်ရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ပိုမိုထိရောက်အောင် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ အိမ်နီးချင်းနှစ်နိုင်ငံ၏ နယ်ခြားစောင့်တပ်ဖွဲ့များသည် ညီရင်းအစ်ကို စိတ်ဓာတ်၊ ချစ်ကြည်ရင်းနှီးမှုများဖြင့် နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား၍ အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။


(၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ အဆင့်မြင့် အရာရှိကြီးများအဆင့်အစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်မှုများ ဆောင်ရွက်ရန်၊ တပ်ရင်းမှူး အဆင့်၊ ဒေသကွပ်ကဲမှုအဆင့်နှင့် အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးတို့ကို နှစ်ဘက် သဘော တူညီထားသည့်အတိုင်း လစဉ်၊ နှစ်စဉ် ကျင်းပပြုလုပ်ရန်၊ ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေကို အသုံးချ၍ အခြားနိုင်ငံအပေါ် ဆန့်ကျင်မည့် မည်သည့်အုပ်စုကိုမဆို ခွင့်ပြုသွားမည်မဟုတ်ဘဲ ရှာဖွေစုံစမ်း ပိတ်ဆို့တားဆီးနှိမ်နင်းရန်၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများအား ကြိုတင်တားဆီး ကာကွယ် သွားရန်၊ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုသည် မူးယစ်ဆေးဝါးနှင့် တရားမဝင် နယ်စပ်ဖြတ် ကျော်ခိုးဝင်မှုများ ဖြစ်ပေါ်စေသဖြင့် တားဆီးနှိမ်နင်းရေး ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား အောက်ခြေအဆင့်၊ အလယ်အလတ် အဆင့်နှင့် အဆင့်မြင့်အရာရှိ ကြီးအဆင့် ဆက်သွယ်မှုများ ပိုမိုလျှင်မြန်စွာ ဆောင်ရွက်ကြရန်၊ ယုံကြည်မှုတည်ဆောက်ခြင်း တိုးမြှင့်နိုင်ရေးအတွက် အပြန်အလှန်လည်ပတ်ခြင်း၊ အားကစားပြိုင်ပွဲ များကျင်းပခြင်းနှင့် တွေ့ဆုံဆွေးနွေးမှုများ အခါအားလျော်စွာ ကျင်းပပြုလုပ်သွားရန်တို့ကို သဘောတူညီခဲ့ကြသည်။ အဆိုပါ ဆွေးနွေး သဘောတူညီမှုများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွား ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)