အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန်၌ (၅၅)ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်နိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန်၌ (၅၅)ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်နိုင်


MNP ၊ နိုဝင်ဘာ ၃၀

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ရပ်နားထားခဲ့ရသော ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းတို့၏ ဦးဆောင်လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူး၊ တာဝန်ခံဆရာဝန်ကြီးများ၊ သူနာပြုများ၏ ပူးပေါင်းပါဝင်မှုဖြင့် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်တွင် နိုဝင်ဘာ ၂၉ ရက်တွင် ပြန်လည်ဆောင်ရွက်နိုင်ခဲ့သည်။

အဆိုပါ အစားထိုးခွဲစိတ်မှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ်(ဆေးရုံအုပ်ကြီး/ကုသရေး) ဒေါက်တာသီတာလှနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ခွဲစိတ်ကုသမှုဆောင်ရွက်သူများ၊ လူနာနှင့်မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကလူနာအတွက် အလှူ ငွေကျပ်(၁၀)သိန်းနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်သိန်း(၅၀)ကို ပေးအပ်ခဲ့သည်။

အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်မြို့တွင် လူနာ မခင်ညိုညိုထွေး၊ အသက်(၂၃)နှစ်၊ အလှူရှင် မသင်းပြည့်ပြည့်မိုး၊ အသက်(၂၅)နှစ် ညီအစ်မအတွဲအား ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်းကို နိုဝင်ဘာ ၂၉ ရက်၊ နံနက်(၈)နာရီ (၄၅)မိနစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ(၁)နာရီ (၁၅)မိနစ်တွင် ခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ပြီး လူနာနှင့် ကျောက်ကပ်အလှူရှင်တို့၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်းနှင့် အထူးကြပ်မတ်ကုသဌာန၌ထားရှိ၍ စောင့်ကြည့်ကုသမှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်မြို့မှ ပါမောက္ခ/ဌာနမှူး(ဆီးနှင့်ကျောက်ကပ်ခွဲစိတ်) ပါမောက္ခဒေါက်တာကျော်စိုးကျော် ဦးဆောင်သော ဆီးနှင့်ကျောက်ကပ်ခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပါမောက္ခ/ဌာနမှူး (ဆီးနှင့် ကျောက်ကပ်ဆေးကု) ပါမောက္ခဒေါက်တာဝင်းဝင်းလှိုင် ဦးဆောင်သော ဆီးနှင့်ကျောက်ကပ် ဆေးကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး(မေ့ဆေး) ပါမောက္ခ ဒေါက်တာမူမူနိုင်ဦးဆောင်သော မေ့ဆေးပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပါမောက္ခ/ဌာနမှူး (ဓာတ်မှန်) ပါမောက္ခဒေါက်တာအောင်ချိုထွန်း ဦးဆောင်သော ဓာတ်မှန်ဆိုင်ရာလုပ်ငန်းအဖွဲ့၊ အမျိုးသားသွေးဌာန-ရန်ကုန်မြို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာအောင် ဦးဆောင်သော သွေးနှင့်သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန-ရန်ကုန်မြို့မှ ညွှန်ကြားရေးမှူး (ရောဂါဗေဒ) ဒေါက်တာဆွေဆက် ဦးဆောင်သော ရောဂါရှာဖွေရေးလုပ်ငန်းအဖွဲ့တို့က အငြိမ်းစားဆေးပညာရှင်များဖြစ်သည့် ပါမောက္ခဒေါက်တာသန်းအေး၊ ပါမောက္ခဒေါက်တာကျော်စွာလှိုင်၊ ပါမောက္ခဒေါက်တာဘုန်းမြင့်၊ ပါမောက္ခဒေါက်တာခင်မောင်ဌေး၊ ပါမောက္ခဒေါက်တာ ကြည်ကြည်စန်း၊  ကျွမ်းကျင်သူနာပြုများ၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန်မှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးနှင့် ဆေးရုံစီမံခန့်ခွဲမှုကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

   အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်တွင် ဆေးရုံကြီးစတင်ဖွင့်လှစ်သည့် ၂၀၁၄ ခုနှစ် မှစတင်၍ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများစတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် (၄)ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် (၁၀)ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် (၁၀)ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် (၉)ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် (၉)ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် (၁၀)ကြိမ်နှင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ (၂)ကြိမ်၊ စုစုပေါင်း (၅၄)ကြိမ် အောင်မြင်စွာခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအကြိမ်သည်(၅၅)ကြိမ်မြောက် ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှုဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)