မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်အတွင်း ဆီထွက်သီးနှံ (မိုး) နေကြာစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်အတွင်း ဆီထွက်သီးနှံ (မိုး) နေကြာစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး




MNP - နိုဝင်ဘာ   ၄


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း စိုက်ပျိုးထားသော ဆီထွက်သီးနှံ(မိုး)နေကြာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများအဖွဲ့က ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများအဖွဲ့က မောင်းမကန်ကျေးရွာ၊ ကွင်းအမှတ် ၁၃၄၄ ရှိ ဒေသခံတောင်သူ ဦးကျော်လှိုင်၏ ယာမြေ ဧက ၄၀ အတွင်း စိုက်ပျိုးထားသော ဆီထွက်သီးနှံ (မိုး)နေကြာစိုက်ခင်း ဆင်းရွှေကြာ-၂ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးယဉ်ထွန်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့က မြို့နယ်အတွင်း ယခုနှစ် ဆီထွက်သီးနှံ (မိုး)နေကြာကို သီးသန့်၊ သီးညှပ် ၆၅၇၆ ဧက စိုက်ပျိုးနိုင်ခဲ့မှုနှင့် (ဆောင်း)နေကြာသီးနှံကို ဧကပေါင်း ၃၃၀၀၀ ကျော် လျာထား စိုက်ပျိုးဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့်တွေ့ဆုံစဉ် မိမိတို့ဒေသအတွင်း သီးနှံများစိုက်ပျိုးရာတွင် တစ်နှစ်ကို သီးနှံသုံးသီး စိုက်ပျိုးနိုင်အောင် ကြိုးစားဆောင်ရွက်ကြ စေလို ကြောင်း၊ စိုက်ပျိုးသောသီးနှံများအားလုံး အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေးနှင့် သီးနှံအရည် အသွေးကောင်းမွန်စေရေးတို့အတွက် မျိုးကောင်းမျိုးသန့်များကို စနစ်တကျ ရွေးချယ်သုံးစွဲပြီး စိုက်ပျိုး ကြစေလိုကြောင်း၊ သီးနှံစိုက်ပျိုးရာတွင် ဒေသတွင်းလိုအပ်သော မျိုးကောင်းမျိုးသန့်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ အစဉ်အမြဲ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ဒေသခံတောင်သူများက သွားလာရေး လွယ်ကူချောမွေ့စေရန် မောင်းမကန်ကျေးရွာအဝင် မြေနီလမ်းအား မြေနီထပ်ပိုးလွှာ ခင်းကျင်းပေးနိုင်ရေး၊ ကျေးရွာအတွင်း၌ ကျောင်းသားအင်အား များပြားသည့်အတွက် ကျေးရွာအထက်တန်းကျောင်း(ခွဲ)အား အထက် တန်းကျောင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးနှင့် ကျေးလက်ဆေးပေးခန်းတွင် ဆရာ/ဆရာမ ခန့်ထားပေးနိုင်ရေး တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)