MNP - ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် လိုအပ်သောသွင်းအားစု ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖြန်းမြေဩဇာနှင့် ယူရီးယားဓာတ်မြေဩဇာ၊ ကွန်ပေါင်းဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လည်(၁)နာရီ အချိန်က ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က ကြံခင်းမြို့နယ်အတွင်း ပဲတီစိမ်းဧက(၃၅၀၀)နှင့် နွေစပါးဧက(၅၃၄)ဧကအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ဧကများအတွက် တစ်ဧကလျှင်(၁၂၀၀၀၀)နှုန်းဖြင့် ညီမျှသော (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖြန်းမြေဩဇာ) နွေစပါးစိုက်ဧကများအတွက် တစ်ဧကလျှင် ကျပ်(၂၀၀၀၀၀)နှုန်းဖြင့် ညီမျှသော ယူရီးယားဓာတ်မြေဩဇာ၊ ကွန်ပေါင်းဓာတ်မြေဩဇာအား ပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစတိုင်းသာယာက စာချုပ်ပါအချက်များအား ရှင်းလင်းပြောကြားပြီးနောက် သွင်းအားစုကုမ္ပဏီ(ကိုယ်စားလှယ်) ဦးမျိုးမင်းဦးက ဓာတ်မြေဩဇာ၊ အခြားပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖြန်းမြေဩဇာ ဖြန့်ဝေမှုအားရှင်းလင်း ပြောကြားပြီး၊ တောင်သူများအား လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုများကို တာဝန်ရှိသူများက ပေးအပ်ကြသည်။
အခမ်းအနားသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတိုင်းသာယာနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာမြို့နယ် ဌာနဆိုင်ရာများ၊ နွေစပါးနှင့်ပဲ တီစိမ်းစိုက်ပျိုးတောင်သူအစုအဖွဲ့ကို ယ်စားလှယ်များ၊ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေး အရောင်း(ကိုယ်စားလှယ်)များတက်ရောက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment