နွေစပါးစိုက်တောင်သူများ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြ သဘာဝ မြေဩဇာများထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွေစပါးစိုက်တောင်သူများ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြ သဘာဝ မြေဩဇာများထောက်ပံ့





MNP ၊ ဒီဇင်ဘာ ၁၁

ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏လယ်ယာကဏ္ဍဖွံ့ဖြိုးရေးနှင့် စားဝတ်နေရေးဖူလုံရေးအတွက် စဉ်ဆက်မပြတ်အားပေးကူညီလျက်ရှိရာ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာရှိ လှိုင်းဘွဲမျိုးသန့်ခြံ၌ နွေစပါးစိုက်တောင်သူများအား ကောက်စိုက်စက်ဖြင့်စိုက်ပျိုးပြသ ကွင်းသရုပ်ပြခဲ့ပြီး သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ လှိုင်းဘွဲမျိုးသန့်ခြံရှိ နွေစပါးတစ်ဧကစိုက်ခင်းများ၌ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာအချိုးကျရောစပ်၍ တွဲဖက်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးဦးဇော်ဝမ်းနှင့် တာဝန်ရှိသူများက အချိုးကျရောစပ်၍ တွဲဖက်သုံးစွဲခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နွေစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်းကွင်းသရုပ်ပြပွဲသို့ တက်ရောက်ပြီး တောင်သူများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းသည် လက်ရှိဖြစ်ပေါ်နေသော လယ်ယာလုပ်သားရှားပါးမှုပြသနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်သော နည်းလမ်းတစ်ခုဖြစ်ပြီး အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ခြင်း သည် အကျိုးအမြတ်ရရှိရန် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း၊ ကောက်စိုက်စက်တစ်စီးသည် ဧကကွက်တွင် ၆ ဧကထိ စိုက်ပျိုးနိုင်ပြီး တောင်သူများ၏ လယ်ကွက်များတွင် ၄ ဒဿမ ၅ ဧကခန့် စိုက်ပျိုးနိုင်ကာ တစ်ဧကကုန်ကျစရိတ် လေးသောင်းငါးထောင်ကျပ်သာ ဖြစ်သည့်အတွက် ကောက်စိုက်သမလုပ်အားခဖြင့် နှိုင်းယှဉ်ပါက တစ်ဝက်ခန့်သက်သာသည့်အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့နည်းစေမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် နွေစပါးတစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ လှိုင်းဘွဲမြို့နယ်အတွက် နွေစပါး ၂၈၆၆ ဧကကို ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ သီးနှံများအပင်သန်စွမ်းပြီး အစေ့အဆံပြည့်တင်းကာ အထွက်နှုန်းကောင်းများ ရရှိလာစေရေး သဘာဝမြေဩဇာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး တောင်သူများအနေဖြင့် တစ်ဧကအထွက်နှုန်းတိုးတက်ရရှိရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ထီလုံ၊ သမ္ဘာန်၊ နောင်သငဲ့၊ သပုထို ကျေးရွာများမှ တောင်သူများအား လင်းနို့ဂူသဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တောင်သူများသည် စက်မှုလယ်ယာဦးစီးဌာနမှ ဘောင်ပျိုးနည်းစနစ်ဖြင့်ပျိုးထောင်ထားသော စပါးပျိုးပင်များအား ကူဘိုတာခြောက်တန်းသွား ကောက်စိုက်စက်နှစ်စီးဖြင့် စိုက်ပျိုးသရုပ်ပြသခြင်းနှင့် ကြည့်ရှု့အားပေးခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တောင်သူများသည်  ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စူပါဘိုကာရှီ (အဆင့်မြင့်အီးအမ်မြေဆွေး)ပြုလုပ်ပြသခြင်းနှင့် လှိုင်းဘွဲမြို့သန့်ခြံအတွင်း စိုက်ပျိုးထားရှိသော ဟင်းသီးဟင်းရွက် စိုက်ခင်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)