မအီမြို့တွင် မူလတန်းကြိုကလေးငယ်များ၏ ဉာဏစွမ်းရည်ပြိုင်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် မူလတန်းကြိုကလေးငယ်များ၏ ဉာဏစွမ်းရည်ပြိုင်ပွဲအခမ်းအနား ကျင်းပ






MNP ၊  ဒီဇင်ဘာ    ၁၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ သုတဂဝေသီပညာရေးဖောင်ဒေးရှင်းမှ ကြီးမှူးစီစဉ်ဆောင်ရွက်သည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု အမှတ်(၂)မူလတန်းကြိုကျောင်းမှ မူကြိုကလေးငယ်များ၏ ဉာဏစွမ်းရည်ပြိုင်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါမူကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက အဖွင့်အမှာစကားပြောကြားပြီး ကျောက်ဖြူခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်ထန်းက ဩဝါဒအမှာစကားပြောကြားရာတွင် ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုများရှိလာစေရန်ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ ကျွန်မတို့ဦးစီးဌာနအနေဖြင့် အနာဂါတ်နိုင်ငံတော်ကြီးအတွက်၊ မိမိဒေသ မြို့ရွာအတွက် သားကောင်းသမီးကောင်းများ မွေးထုတ်ပေးစေလိုခြင်း အလို့ငှာ  ကလေးများ၏ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေခြင်း၊ ဉာဏ်ရည်ဖွံ့ဖြို့မှုများရှိလာစေခြင်းများအတွက် ညွှန်ကြားချက်များနှင့်အညီ အမြဲကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိဘများအနေဖြင့်လည်း ကလေးများ၏အနာဂါတ်တွင် ကျန်းမာကြံ့ခိုင်ပြီး ကိစ္စကြီးငယ်တို၌ စည်းစနစ်ကျစွာ၊ ဉာဏ်ထက်မြက်စွာ စဉ်းစားဆုံးဖြတ်နိုင်သည့် သားကောင်းသမီးကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဒေသခံမိဘများက လိုလားစွာပံ့ပိုးပူးပေါင်းပေးခြင်းဖြင့် ကလေးများ၏ ရည်မှန်းချက်ပန်းတိုင်ကို တက်လှမ်းနိုင်မည် ဖြစ်ပါကြောင်းတို့ကို ပြောကြားခဲ့သည်။


ထို့နောက် ဉာဏစွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင်ပါဝင်သည့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲများကို အမှတ်(၂)မူကြိုကလေးငယ်များက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကလေးများအား အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။


အဆိုပါ မအီမြို့၊ အမှတ်(၂)မူလတန်းကြိုကျောင်းမှာ ယခင်က မိဘများ၏ထောက်ပံ့မှုဖြင့် ရပ်တည်နေရသည့် ကိုယ့်အားကိုယ်ကိုးမူကြိုအနေဖြင့် ရှိခဲ့ရာမှ ယခင်နှစ်မှစတင်၍ အရှင်ဥတ္တရဝံသ(သုတဂဝေသီ)က နာယကပြုကြီးမှူးသည့် သုတဂဝေသီ ပညာရေးဖောင်းဒေးရှင်းမှ မူကြိုကျောင်း၏ ကုန်ကျစရိတ်များနှင့် ကလေးငယ်များ၏ ကိစ္စအရပ်ရပ်တို့ကို တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ကလေးများ၏ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေးနှင့် ဉာဏ်ရည်ဖွံ့ဖြို့မှုများရှိလာစေရေးတို့အတွက် ကာယစွမ်းရည်ပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ ကျောင်းဆင်းပွဲအခမ်းအနားနှင့် မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားပွဲများကို ဖောင်းဒေးရှင်းအနေဖြင့် နှစ်စဉ်ဆောင်ရွက်ပေးပါကြောင်း၊ ဆက်လက်၍လည်း သုတဂဝေသီ ပညာရေးဖောင်းဒေးရှင်းအနေဖြင့် မူကြိုကျောင်း အောင်မြင်စွာ ရပ်တည်စေနိုင်ရေး ကိစ္စများကို ဆက်လက်တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းတို့ကို ဖော်ပြပါဖောင်းဒေရှင်းဥက္ကဌ ဦးမျိုးမင်းထွန်းက ပြောကြားခဲ့သည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)