မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ




MNP ၊ ဒီဇင်ဘာ ၈

“မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေး”ကို ယနေ့ မွန်းလွဲပိုင်း တွင် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် တက်ရောက်သည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံအနေဖြင့်လည်း ကျောက်စိမ်းဈေးကွက် ဖြင့် တရုတ်ခရီးသွားဧည့်သည်များအား ဆွဲဆောင်လျက်ရှိပါကြောင်း၊ တရုတ်ခရီးသွားများ ပိုမိုဝင် ရောက်နိုင်ရေးအတွက် သတင်းမီဒီယာများမှ တစ်ဆင့် မြှင့်တင်ရာတွင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်း၏ သဘာဝတွင် ကဏ္ဍအားလုံး ဆက်နွယ်မှုရှိနေသည့်အတွက် မိမိတို့၏ရှိပြီးသားဈေးကွက်အား မြှင့်တင်ဆောင်ရွက်ရာတွင် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြရန်၊ ဝန်ကြီးဌာန အနေဖြင့်လည်း တရုတ်ခရီးသွားဈေးကွက်အား မြှင့်တင်ဆောင်ရွက်ရန်အတွက် တရုတ်ဘာသာစကား သင်တန်းများနှင့် ဆက်စပ်သင်တန်းများအား ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်သည့်အပြင် တရုတ်နှစ်သစ်ကူး ကာလတွင်လည်း ၎င်းတို့ လာရောက်နိုင်သည့်အတွက် ပုဂ္ဂလိက အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံရှိ ယခင်မိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရာတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်သင့်သောအချက်များ၊ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများတွင် ဘာသာစကားမှအစ ပြင်ဆင်ဆောင်ရွက် ထားရှိသင့်သည်များ၊ ပြည်ဝင်ဗီဇာ ရရှိရေး၊ နှစ်ဖက်လေကြောင်း လိုင်းများပျံသန်းပြေးဆွဲရေး၊ ကျန်းမာရေး၊ ငွေကြေး သုံးစွဲရေးနှင့် နှစ်နိုင်ငံ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကား ပြောကြားသည်။


အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ ဘာသာရပ် တာဝန်ခံများ တက်ရောက်ကြပြီး မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ၊ မြန်မာ-တရုတ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ၊ တယ်ဟုန်း ပြည်နယ်ခွဲကုန်သည်ကြီးများအသင်း (မြန်မာကိုယ်စားလှယ်ရုံး) တာဝန်ခံနှင့် ကိုယ်စားလှယ်များ၊ လေကြောင်းလိုင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းဌာနမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ၊ နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။


ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၂၀၀) ကျော်က ခရီးသွားလုပ်ငန်း များအား ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာနှင့်အဝန်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကမ္ဘာလှည့်ခရီးသည် သန်း(၇၀၀)ခန့် လှည့်လည်ဝင်ရောက်ခဲ့ကာ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်း နိုင်ငံများတွင်လည်း တစ်ဆထက်တစ်ဆ တိုးတက်ဝင်ရောက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းနှင့်နိုင်ငံတကာမှ ခရီးသွားဈေးကွက်များရရှိပြီး ယင်းနိုင်ငံများမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်လာရေးအတွက် ကမ္ဘာ့ Outbound ခရီးသွားဈေးကွက်များအနက် အင်အားကြီးမားသော ပြည်ပဈေးကွက် တစ်ခုဖြစ်သည့် တရုတ်ခရီးသွားဈေးကွက် ပြန်လည်ဖွံ့ဖြိုးလာစေရန် ယခုအစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)