MNP - ဒီဇင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများကို မြိတ်စာဖြေဌာနအဖြစ် မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနဗိမာန်တွင် ကျင်းပလျက်ရှိရာ သီလရှင်နှင့်လူပုဂ္ဂိုလ် များက အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာဂုဏ်ထူးဆောင် စာမေးပွဲများကို ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။
အဆိုပါစာမေးပွဲများကျင်းပရာတွင် အဘိဓမ္မာ(ရိုးရိုး) ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယ အဆင့်၊ အဘိဓမ္မာ (ဂုဏ်ထူးဆောင်) ပထမအဆင့်၊ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်နှင့် ဝိသုဒ္ဓိမဂ် ပထမအဆင့်၊ဒုတိယအဆင့်၊ တတိယအဆင့်ဟူ၍ စာမေးပွဲများကို ဒီဇင်ဘာ(၉)ရက်မှ(၁၁)ရက်နေ့အထိ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။
မြိတ်စာဖြေဌာနတွင် အဘိဓမ္မာ(ရိုးရိုး) ပထမအဆင့်တွင် သီလရှင်(၃၁)ပါး၊ လူပုဂ္ဂိုလ်(၁၈)ဦးနှင့် အဘိဓမ္မာ (ဂုဏ်ထူးဆောင်) ပထမအဆင့်တွင် သီလရှင်(၁)ပါး၊ လူပုဂ္ဂိုလ်(၁)ဦး ဝင်ရောက်ဖြေဆို ခဲ့ကြပြီး အဘိဓမ္မာ (ရိုးရိုး) ဒုတိယအဆင့်တွင် သီလရှင်(၁၆)ပါး၊ လူပုဂ္ဂိုလ်(၆)ဦးနှင့် အဘိဓမ္မာ (ဂုဏ်ထူးဆောင်) ဒုတိယအဆင့်တွင် သီလရှင်(၁)ပါး၊ လူပုဂ္ဂိုလ်(၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ ကြကြောင်း၊ အဘိဓမ္မာ(ရိုးရိုး)နှင့် အဘိဓမ္မာ(ဂုဏ်ထူးဆောင်) တတိယအဆင့်ကို ဒီဇင်ဘာ (၁၁)ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် သာသနာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါစာမေးပွဲများ ကျင်းပရာတွင် မြိတ်စာဖြေဌာန၌ စာမေးပွဲကြီးကြပ်ရေး ဩဝါဒါစရိ ယဆရာတော်ကြီးများနှင့် စာမေးပွဲကြီးကြပ်ရေးဆရာတော်များဖြင့် ကျင်းပလျက်ရှိသည်။ အလားတူ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို ပုလောမြို့ စာဖြေဌာနတွင်လည်း ကျင်းပလျက်ရှိရာ လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုလျက်ရှိကြကာ အဘိဓမ္မာ(ရိုးရိုး) ပထမအဆင့်တွင် (၅၅)ဦးနှင့် အဘိဓမ္မာ(ဂုဏ်ထူးဆောင်) ပထမအဆင့်တွင်(၃)ဦး ဝင်ရောက်ဖြေ ဆိုခဲ့ကြပြီး အဘိဓမ္မာ(ရိုးရိုး) ဒုတိယအဆင့်တွင်(၅)ဦးနှင့် အဘိဓမ္မာ (ဂုဏ်ထူးဆောင်) ဒုတိယအဆင့်တွင် (၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment