ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်နိုင်ရေး နှစ်ရှည်အရိပ်ရ ပန်းအလှပင်များဖြင့် အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့စိုက်ပျိုးခြင်းများ ဆောင်ရွက်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်နိုင်ရေး နှစ်ရှည်အရိပ်ရ ပန်းအလှပင်များဖြင့် အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့စိုက်ပျိုးခြင်းများ ဆောင်ရွက်သွားမည်



MNP - နိုဝင်ဘာ   ၃၀


ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာ လှပလာစေပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ ခရီးသွားများအား စွဲဆောင်သော မြို့ပြတစ်ခုဖြစ်လာ စေရေးအတွက် ပန်းမြို့တော်အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံ မှသိရသည်။


လုပ်ငန်းစီမံချက် ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်စည်ပင် သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အောင်စေရန်အောင် ဘုရားအနီး ပြည်ထောင်စုလမ်းမကြီး ဘေးရှိ တြိဂံနေရာ၌ မြေယာရှုခင်းနှင့် အလှပန်းပင်များ စိုက်ပျိူးထားရှိမှုကို တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ Welcome to Myitkyina အလှဆိုင်းဘုတ် တပ်ဆင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


အလားတူ ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေး ကမ်းနားလမ်း၌ We Love Myitkyina စာတမ်းဆိုင်းဘုတ်ဖြင့် မြေယာရှုခင်း အလှပြုပြင်ဆောင်ရွက်ထားရှိမှု၊ သခင်နက်ဖေလမ်း နှင့် ရုံးကြီးလမ်းထောင့်၊ မြို့တော်ခန်းမခြံဝင်းအပြင်ဘက် ရုံးကြီး လမ်းတစ်လျှောက်နှင့် ဧရာရပ်ကွက်ရှိ ဆွမ်ပရာဘွမ်လမ်းနှင့် ဆမားလမ်း တြီဂံနေရာရှိ ကျောက်စိမ်းတုံး မြေယာရှုခင်း အလှဆင်ထား ရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက လမ်းဘေးဝဲ/ယာ မြေကွက်လပ်နှင့် လိုအပ်သည့် နေရာများကိုပါ မြေယာအလှပြုပြင်ဆောင်ရွက်ရေး၊ စိုက်ပျိုးပြီး နှစ်ရှည်အရိပ်ရ ပန်းပင်များ ပြုစုပျိုးထောင်ရေးနှင့် ထပ်မံတိုးချဲ့ စိုက်ပျိုးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။


ထို့သို့ မြစ်ကြီးနားမြို့ကို ပန်းမြို့တော် ဖြစ်လာစေ‌ရေးအတွက် ပြည်သူလူထု တစ်ရပ်လုံးက ပူးပေါင်းပါဝင် ထိန်းသိမ်းလာစေရေး ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆောင်၍ နိုဝင်ဘာ ၂၅ ရက်နေ့က လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေး အဖွဲ့အနေဖြင့်လည်း ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မြို့တွင်းပြည်ထောင်စုလမ်းမကြီး၊ ဆွမ်ပရာဘွမ်လမ်းမကြီး တစ်လျှောက်နှင့် အဓိကမိန်းလမ်းမများရှိ လမ်းလယ်ကျွန်းများ၊ လမ်းဆုံ အဝိုင်းနှင့် တြိဂံမြေနေရာများ၊ လမ်းဘေးဝဲ/ယာ (၁၆) နေရာနှင့်ပန်းခြံများတွင် မြေယာရှုခင်းနှင့် ပန်း အလှပင်များ၊ အရိပ်ရနှစ်ရှည်ပန်းပင်များဖြင့် အဆင့်မြှင့်တင် တိုးချဲ့စိုက်ပျိုးသွားနိုင်ရေး နှစ်အလိုက် လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)