MNP - ဒီဇင်ဘာ ၁၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော (စိုက်ပျိုးရေး)ကျေးရွာစီမံကိန်းလုပ်ငန်းများအတွက် ငွေကျပ်သိန်း(၆၀၀) ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ပွဲကို ဒီဇင်ဘာ ၉ က်နေ့ မွန်းလွဲ(၂)နာရီက လယ်မှီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ရာတွင် ခရိုင်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က စိုက်ပျိုးမွေးမြူရေးဆောင်ရွက်လျက်ရှိသော ကျေးရွာစီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်မျိုးကိုက စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်လျက်ရှိသော (စိုက်ပျိုးရေး)ကျေးရွာစီမံကိန်း လုပ်ငန်းများအတွက် ချေးငွေများနှင့် ပတ်သက်ပြီး စံသတ်မှတ်ချက်များကို အသေးစိတ်ထပ်မံ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်က အဆိုပါချေးငွေနှင့်ပတ်သက်ပြီး တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကသုံးစွဲသွားရန်နှင့် ပြန်ဆပ်ရမည့် အရင်းနှင့်အတိုးနှုန်းများကို ရှင်းလင်းပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်(ခွဲ)မှ မန်နေဂျာ ဦးအောင်နိုင်က တောင်သူများအတွက် မိုးသီးနှံ၊ ဆောင်းသီးနှံနှင့် ကိုဗစ်-၁၉ ချေးငွေကိစ္စရပ်များနှင့်ပတ်သက်၍ ထပ်ဆင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော တောင်သူ (၁၁၉)ဦးအတွက် တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များထံ အသီးသီးလွှဲပြောင်း ပေးအပ်ကြပြီး ခရိုင်အဆင့်နိုင်ငံ့စီးပွားမြှင့်တင်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
သတင်း - ရွှေမိုးညှင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment