ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒေသတွင်းလူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး လမ်းတိုးချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒေသတွင်းလူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး လမ်းတိုးချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

 



MNP - ဒီဇင်ဘာ  ၇


ဒေသထွက်ကုန်များ တင်ပို့ရောင်းချရန်နှင့် တိုင်းရင်းသားပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် တာဝန်ရှိသူများလိုက်ပါ၍ ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့် က ဘားအံမြို့နယ်အတွင်းရှိ လမ်းပိုင်းများ တိုးချဲ့အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး ခင်ဇော်၊ သယံဇာတ ရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဘားအံမြို့ သံလွင်တံတား လမ်းဆုံ-ရွှေယဉ်မျှော်-နောင်လုံ လမ်းပိုင်း ၀ ဒဿမ ၀ ကီလိုမီတာမှ ၅ ဒဿမ ၅ ကီလိုမီတာ အတွင်း (၄ ဒဿမ ၇၆ ကီလိုမီတာ) အား နဂိုမူလ ၂၄ ပေအကျယ် ကတ္တရာကွန်ကရစ်လမ်းမှ ၃၆ ပေအကျယ်ကွန်ကရစ်လမ်းအဖြစ် အေးကိုမိသားစု BOT ကုမ္ပဏီမှ လမ်းတိုးချဲ့အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအားကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညိုနှင့် တာဝန်ရှိသူများက ၆၀ ရာခိုင်နှုန်းကျော် လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံ-မော်လမြိုင်ကားလမ်းနှင့် သံလွင်တံတားအဆင်း ဘားအံမြို့ရှောင်လမ်းဆုံရာနေရာ၌ မြို့အဝင်လမ်းဆုံအဝိုင်းဆောင်ရွက်ခြင်း မြေသားလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီးမှုနှင့် ကတ္တရာခင်းခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်းများ စုဆောင်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး သူရမြင့်သူ၊ ပြည်နယ်လမ်းဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။


အဆိုပါ မြို့ဝင်လမ်းဆုံနေရာ၌ ကရင်ပြည်နယ်၏ ဂုဏ်ဒြပ်ကြီးမားမှု၊ သဘာဝတောတောင် သယံဇာတကြွယ်ဝမှုနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝမှုကို ဖော်ကျူးထား သည့် ဖြူစင်သန့်ရှင်းသော ကြာပန်းသဏ္ဍန်ပေါ်တွင် ကရင်လူမျိုးများ မြတ်နိုးတန်ဖိုးထားသည့် ရိုးရာပစ္စည်းဖြစ်သော မင်္ဂလာဖားစည်တော်အား ဆင်ဖြူတော်လေးစီးမှ နှာမောင်းဖြင့် ပင့်တင်နေဟန်အဝိုင်းကို တည်ဆောက်သွားမည်ဖြစ်ပြီး ဆင်ဖြူတော်အမြင့် ၁၂ ပေ၊ ဖားစည် ၁၀ ပေ၊ ရင်ပြင် ၈၀ ပေ၊ ပန်းအလှဧရိယာ ၅၃၀၀ စတုရန်းပေနှင့် ပလက်ဖောင်း ၂၃၀၀ စတုရန်းပေတို့ ပါဝင်မည်ဖြစ်သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံ-ကြာအင်းလမ်း ၄ ဒဿမ ၅၅ ကီလိုမီတာမှ ၈ ဒဿမ ၆၅ ကီလိုမီတာအတွင်း ၃ ဒဿမ ၈၅ ကီလိုမီတာအား ရန်ပုံငွေကျပ် ၁၁၇၇ ဒသမ ၁၀ သန်းဖြင့် စတီးစတုန်းကုမ္ပဏီမှ မူလ ၅ ဒဿမ ၅ မီတာအကျယ်ကတ္တရာလမ်းအား Well-graded Crushed Rock (၂၀၀) မီလီမီတာထု Base Courseခင်း၍ (၅၀) မီလီမီတာထု ကတ္တရာကွန် ကရစ်ခင်း လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၄၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေမှု အခြေအနေ၊ သိမ်တော်ကြီး-ကမော့ကစင်လမ်း ၃ ဒဿမ ၃၇၉ ကီလိုမီတာအား တင်ဒါအောင်မြင်သော ရွှေဇေယျာတံခွန်ကုမ္ပဏီမှ  ၉ ဒဿမ ၁၄ မီတာအကျယ် လမ်းတာဘောင်ရရှိရန် ဖြတ်မြေ/ ဖို့မြေ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် မိုင်းချီး ၆ ဒဿမ ၇၁ ကီလိုမီတာအကျယ် ၁၀၀ မီလီမီတာ ထုခင်းခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့ရှောင်လမ်းမကြီးနှင့် မြို့ပတ် လမ်းဆုံသည့်နေရာတွင် နှစ်လမ်းသွား ၂၄ပေ လမ်းအကျယ် ရရှိစေရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)