MNP - ဒီဇင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်တာကျေးရွာအုပ်စု၊ ကွမ်တာကျေးရွာ ဓမ္မာရုံခန်းမ၌ ကျေးရွာနေပြည်သူများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာစစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့ စုပေါင်းတွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။
မြို့နယ်အဆင့် ဌာနဆိုင်ရာစစ်ကြောင်းကြီး(၅)ကြောင်းနှင့် ပြည်သူများတွေ့ဆုံပွဲတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက ဌာနဆိုင်ရာစစ်ကြောင်းကြီး(၅)ကြောင်း ဖွဲ့စည်းပုံအဖြင့် ပါဝင်ကြသည့် အုပ်ချုပ်ရေးစစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးစစ်ကြောင်း၊ ကာကွယ်ရေးစစ်ကြောင်း၊ ပညာရေးစစ်ကြောင်း၊ ကျန်းမာရေးစစ်ကြောင်းများတွင် ပါဝင်ကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံများကို မိတ်ဆက်ပေးခဲ့ပြီး မိမိတို့ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် လိုအပ်သည်များ၊ ကုန်ထုတ်လုပ်ရေးအတွက်လိုအပ်သည့် လမ်း၊ တံတားများကို ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးတင်ပြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး တင်ဝင်းထွန်းမှ နယ်မြေဒေသတည်ငြိမ်လုံ ခြုံရေးအတွက် နယ်ခြားစောင့်တပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းထွန်းမှ နယ်မြေတွင်း တရာဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် များကို ကြိုတင်ကာကွယ်ကြရမည့်နည်းလမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) မြို့နယ်ရပ်မိ၊ ရပ်ဖ ဦးသိန်းဇော်က ပြည်သူများကျန်းမာရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိုးခြင်း လုပ်ငန်းများတွင် ကျန်းမာရေးဌာနကို ကူညီသည့်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက နိုင်ငံသားစီစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကိုင်ဆောင်သူများမှ သတိပြုလိုက်နာရမည့်အချက်များ၊ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များအကြောင်းကို ဆွေးနွေးရှင်းပြခဲ့သည်။
ဆက်လက်ပြီး ကျန်းမာရေး၊ ပညာရေး၊စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊မြိုနယ် လယ်ယာစီးပွားရေးဘဏ်၊ မြို့နယ် သမဝါယမဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ရုံး၊ မြို့နယ်မွေး/ကုဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြိုနယ်ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ခံတို့က ကျေးရွာနေပြည်သူများမှ တင်ပြဆွေးနွေးခဲ့ကြသော ကျန်းမာရေးကဏ္ဍ၊ လမ်းတံတား၊ရေနုတ်မြောင်းကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် ကျေးလက်ကုန်ထုတ် လမ်းဖော်ဆောင်ရေးကိစ္စ၊ ကျေးရွာလျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်နေကြမှု အခြေအနေများ၊ ပညာရေးကဏ္ဍအနေဖြင့် ကျေးရွာကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောက်လုပ်ခဲ့သော အခြေခံ ပညာမူလတန်းကျောင်း၌ ကျောင်းသားအရေအတွက် များလာသည့်အတွက် ကျောင်းဆောင်သစ် လိုအပ်ချက် နှင့် ဆရာလိုမှုများ၊ ကျေးရွာများအတွက် သောက်သုံးရေရရှိရေး၊ မော်တော်ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် ပြုလုပ်နိုင်ကြစေရေး၊ ကျေးရွာချင်းဆက်လမ်းနှင့် ကျေးရွာအတွင်း ကွန်ကရစ် လမ်းခင်းသွားနိုင်ရေး စသည့်တင်ပြချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ခံများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် နည်းလမ်းများကို ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
သတင်း - လင်းသန့်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment