ရန်ကုန်မြို့၌ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့၌ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပ











နေပြည်တော် ဒီဇင်ဘာ ၂၂

ယနေ့ကျရောက်သည့် ၂၇၆၂ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကျင်းပသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဖားစည်တီး၍ ကရင်အမျိုးသားအလံကို  လွှင့်ထူပေးသည်။


ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံကို အလေးပြုကြပြီး ကရင် အမျိုးသားသီချင်းသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


ယင်းနောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ပြည်ထောင်စုခန်းမ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဦးစောဒန်နီရယ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်နှင့် ဦးစောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ဖားစည်(၉)ချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒန်နီရယ်က နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ယနေ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၂၂)ရက် မြန်မာသက္ကရာဇ် ၁၃၈၄ခု ပြာသိုလဆန်း (၁)ရက်၊ ကရင်နှစ် ၂၇၆၂ ခုနှစ်သည် ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ မြတ်နိုးတန်ဖိုးထားသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်နေကြသည့် တိုင်းရင်းသားမျိုးနွယ်စုများသည် နေရာဒေသ အလိုက် ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ ဘာသာစကားကွဲပြားခြားနားကြသော်လည်း အနှစ်သာရ အားဖြင့် တစ်သွေးတစ်သား တည်းသောတိုင်းရင်းသားညီအစ်ကို မောင်နှမများ ဖြစ်ကြ ကြောင်း၊ ကရင်တိုင်းရင်းသားများ၏ဖြစ်တည်မှုသမိုင်းကြောင်း ရှည်လျားမှုနှင့်အညီ ဓလေ့ထုံးတမ်းများနှင့်ယဉ်ကျေးမှု သမိုင်း အမွေအနှစ်ကောင်းများ ပိုင်ဆိုင်ထား ကြသည်ကို တွေ့ရကြောင်း၊ ကရင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့ပွဲတော်များအနေဖြင့် နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲဦ သဲပုံစေတီပွဲ၊ ကောက်သစ်စားပွဲ၊ လိပ်ပြာခေါ်ပွဲများရှိကြပြီး ကရင်ဒုံးယိမ်းအကသည်လည်း ကရင်တိုင်းရင်းသားတို့၏စည်းလုံးညီညွတ်မှုကို ဖော်ညွှန်း လျက်မြူးကြွ၍လူကြိုက်များသည့်ယဉ်ကျေးမှုအကဖြစ်သည်ကိုတွေ့မြင်ရကြောင်း၊ ကရင်နှစ် သစ်ကူးနေ့အခမ်းအနားကို မြန်မာနိုင်ငံတဝန်း ဘာသာအယူဝါဒမခြားဘဲ စည်းလုံးညီညွတ်စွာ ကျင်းပကြသည်ကိုသိရကြောင်း၊ မိမိတို့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို နောင်လာ နောက်သားများ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်အတွက် ကရင် ဘိုးဘွားမိဘများက မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ အုပ်ချုပ်ခဲ့သည့် ၁၉၃၇ ခုနှစ်တွင် ကရင်နှစ်သစ်ကူးနေ့ အသိအမှတ် ပြုခြင်း ဥပဒေတစ်ရပ်ကို ညီနောင်တိုင်းရင်းသားများနှင့်အတူ ကြိုးပမ်းပြီး ကရင် နှစ်သစ်ကူးနေ့ အခမ်းအနားကို ကျင်းပလာခဲ့သည်မှာ ယနေ့တွင် နှစ်ပေါင်း (၈၅)နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံတော်တာဝန်ကို စတင်တာဝန် ယူချိန်မှစ၍ တိုင်းရင်းသားအရေးကိစ္စများကို ဦးတည်ချက် (၉)ရပ်ပါ “တိုင်းရင်းသားလူမျိုး အပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်း စောင့်ရှောက်ရေး” ဆိုသည့်အတိုင်း အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ကရင်နှစ်သစ်ကူးပွဲတော် အခမ်းအနားကဲ့သို့ ကျန်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အနေဖြင့်လည်း မိမိတို့ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းကြစေလိုကြောင်း၊ တိုင်းရင်း သားအချင်းချင်း ဥမကွဲ၊ သိုက်မပျက် ပြည်ထောင်စုစိတ်ဓါတ်ဖြင့် စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ကျရာအခန်းကဏ္ဍာ၌ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကရင်အမျိုးသားနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားသည်။


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ မန်းသန်းဝင်းဦးက ကရင်အမျိုးသားနှစ်သစ်ကူးဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းဖတ်ကြားသည်။


ထို့နောက် ကရင်တိုင်းရင်းသားရိုးရာဒုံးယိမ်းအက၊ ရိုးရာကြိုးကျစ်အကနှင့် ရိုးရာ ဝါးညှပ်အကတို့ဖြင့် ကပြဖျော်ဖြေသည်။


ယင်းနောက် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးက ဧည့်သည်တော်များအား ကရင်နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်သည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ၂၇၆၂ ခုနှစ်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီထံ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)