ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ




MNP - ဒီဇင်ဘာ ၄


ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရမှ ဦးဆောင်၍ ပထမအပတ်အဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၃ ရက် နံနက် ၆ နာရီက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ ပါဝင် ဆင်နွှဲခဲ့ကြသည်။


ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ စတင်တာလွှတ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူ များစုပေါင်း၍ အား/ကာတိုက်တန်းလမ်းမှ ရုံးကြီးလမ်းတစ်လျှောက်၊ ထိုမှတစ်ဆင့် သခင်နက်ဖေလမ်း အတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။


ထို့နောက် ပြည်သူ့အားကစားကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ အမှတ်(၁)နှင့်(၂)လေ့ကျင့်ခန်းနှင့် Fitness Dance အကတို့ဖြင့် စုပေါင်းလေ့ကျင်ခဲ့ကြကာ အားကစား ကွင်းအတွင်း လမ်းလျှောက်ပွဲ တက်ရောက်လာသူများအတွက် ပျော်ပွဲရွှင်ပွဲအဖြစ် ကံစမ်းမဲဖောက်ပေးခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်း ကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် မြစ်ကြီးနားတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် အခြေခံ ပညာအထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများ၏ ဘာသာရပ်အလိုက် အလုပ်ရုံ ဆွေးနွေးပွဲ သို့တက်ရောက်အမှာစကားပြောကြားသည်။


ထို့သို့အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံသားတိုင်း အခြေခံပညာကို ကောင်းစွာတတ်မြောက်ပြီး အသိပညာ၊ အတတ်ပညာများ တိုးတက်ရရှိကာ ပညာရည်မြင့်မားသော၊ စွမ်းဆောင်ရည်မြင့်မားသော နိုင်ငံသားများပေါ်ထွန်းလာစေရေးကို ဆရာ၊ ဆရာမများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းအောင် ချက်မြင့်မားလာစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို အနီးကပ်ကြပ်မတ် သင်ကြားပေး ကြရန် လိုအပ်သကဲ့သို့ ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင်လည်း ဂရုတစိုက်လေ့လာမှတ်သားပြီး အပြန် အလှန် မေးမြန်းဆွေးနွေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


ဆက်လက်၍ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက အလုပ်ရုံဆွေးနွေး ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က (၂) ရက်တာ ကျင်းပပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ဆရာမ များအတွက် ထောက်ပံ့ငွေကျပ် (၈၅ )သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကာ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)