ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း နေကြာသီးနှံ လျာထားချက် ဧက ၁၀၀၀၀ ကျော် ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း နေကြာသီးနှံ လျာထားချက် ဧက ၁၀၀၀၀ ကျော် ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

 



MNP - ဒီဇင်ဘာ ၆


ကချင်ပြည်နယ်အတွင်း ‌ဒေသဝမ်းစာဖူလုံရေးအပြင် ဆီစားသုံးမှုဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာ လျာထားချက်ပြည့်မီအောင် သိပ္ပံနည်းတကျ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေးသွင်းအားစုများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို ခရိုင်အလိုက် လျာထား ဧက ၁၀၆၄၀ ကို စီမံချက်ရေးဆွဲဆောင်ရွက်ထားခဲ့သော်လည်း လျာထားဧကထက် ပိုမိုတိုးချဲ့စိုက်ပျိုး နိုင်သည့် မြေဧရိယာများလည်း များစွာရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ မြေပြင်အမှန်ကွင်းဆင်းခြင်း၊ စိုက် ပျိုးနိုင်သည့် မြေဧရိယာဖော်ထုတ်ခြင်း၊ မျိုးကောင်းမျိုးသန့်နှင့် ဈေးကွက်ရရှိရေးအပြင် နည်းလမ်း တကျ လုပ်ဆောင်သွားရေးသည် အရေးကြီးပါကြောင်းနှင့် သို့မှသာ ပြည်နယ်အတွက် စားသုံးဆီဖူလုံ လာစေမည့်အပြင် နိုင်ငံတော်၏ ရည်မှန်းချက်အတိုင်း ပြည်တွင်း၊ ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်နိုင် မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ပြည်နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ခရိုင်အလိုက် နေကြာ သီးနှံစိုက်ပျိုးထုတ်လုပ်သွားမည့် စီမံချက်ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည် နယ်ဦးစီးမှူး ဦးဌေးလွင်က နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များ စုဆောင်းရရှိမှု၊ ခရိုင်အလိုက် ဖြန့်ဖြူးမှုအခြေအနေများ၊ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင် ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ခရိုင် အလိုက် မြို့နယ်များတွင် နေကြားသီးနှံ တိုးချဲ့စိုက်ပျိုးသွားမည့် အစီအစဉ်များ၊ မြေပြင်အခြေအနေ ကွင်းဆင်းဆောင်ရွက်သွားမည့်အစီအမံများ၊ မျိုးစေ့ရရှိမှုအခြေအနေများနှင့် လိုအပ်ချက်ရှိသည့် အခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က စီမံချက်ပါအတိုင်း လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး လိုအပ်သည့် သွင်းအားစုများနှင့် စိုက်ပျိုးရေရရှိရေး၊ ဆီ စက်များ ထူထောင်ပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် အဆိုပါအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေး ထားသည့် ချေးငွေများကို အကျိုးရှိစွာ အသုံးချမှုအပေါ် ပြည်နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။


အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများကို ပြန်လည်ကုစားပေးနိုင်ရေးအတွက် ထိခိုက်မှုများသည့် လုပ်ငန်းများကို ဦးစားပေးကဏ္ဍအလိုက် ချေးငွေများကို ထုတ်ချေးပေးခဲ့ပြီး ချေးငွေများကို ပြန်လည် ပေးဆပ်ရန်အတွက်သက်တမ်းများကိုလည်း ဖြေလျှော့ခွင့်ပြုပေးခဲ့ပါကြောင်း၊ ယခုအခါ  ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသူများအနေဖြင့် ချေးငွေကာလသက်တမ်း (၂)နှစ်စေ့ရောက်သည့်နေ့မှ စ၍နောက်ထပ်(၁)နှစ် ထပ်မံသက်တမ်းတိုးမြှင့်ပေးပါသဖြင့် လုပ်ငန်းရှင်များမှ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ဖြေလျှော့ရေးနည်းလမ်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက်မှုကို နားလည်သဘောပေါက် ပြီး မိမိတို့၏ လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုအပ်ပါ ကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ပြည်နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ဒေါက်တာသိမ့်သိမ့်မိုးက စိစစ်ကြပ်မတ်ရေး အဖွဲ့၏ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့အထိ အတိုး၊ အရင်းကောက်ခံရရှိမှု အခြေအနေများကိုလည်း ကောင်း၊ အဖွဲ့အတွင်းရေးမှူး ဦးကိုကိုဦးက ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက် ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ သတင်းထုတ်ပြန်ချက် (၃/၂၀၂၂)ကို လည်းကောင်း ဖတ်ကြားရှင်းလင်းတင်ပြကြပြီး အစည်းအဝေးတက်ရောက်လာကြသည့် စိစစ်ကြပ်မတ်ရေးအဖွဲ့ဝင်များနှင့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များက ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်း စည်းကမ်းချက်များနှင့် လိုအပ်သည်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)