MNP - ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတက္ကသိုလ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေဘိုတက္ကသိုလ်တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီချိန် ရတနာသိင်္ဃခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရွှေဘိုတက္ကသိုလ်မှ ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမျိုးမျိုးက အဖွင့်အမှာစကားပြောကြားပြီး ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်လိုအပ်ပါကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံမှသာ နိုင်ငံ့တာဝန်များကို ဆက်လက်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ အချင်းချင်းရင်နှီးချစ်ခင်မှုများ တိုးပွားလာပြီး ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ ပူးပေါင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းစတင်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းက ဦးဆောင်ဆွေးနွေးမည့် ဆရာ၊ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့နှင့် မိတ်ဆက်ပေးကာ၊ ဆရာဦးမြင့်ကျော်က လူငယ်နှင့်အသိပညာ၊ ဆရာဦးစောလင်းအောင်ကလူငယ်နှင့်အားကစား၊ ကျောင်းသူမခိုင်နွယ်ဦးကလူငယ်နှင့်ယဉ်ကျေးမှု၊ ကျောင်းသားမောင်ဇင်မျိုးအောင်ကလူငယ်နှင့် စာရိတ္တ၊ မောင်သန့်ဇင်စိုးကလူငယ်နှင့် စာပေ၊ မခင်ဇာဦးကလူငယ်နှင့်အတတ်ပညာ၊ အစရှိသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြသည်။
အဆိုပါစကားဝိုင်းသို့ ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုး၊ဒုတိယပါမောက္ခချုပ်ဒေါက်တာတင်တင်ရီ၊ ပါမောက္ခ၊ ကထိက၊ နည်းပြဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment