MNP - ဒီဇင်ဘာ ၂၃
ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ်မှ ၂၇၆၃ ခုနှစ်သို့ကူးပြောင်းသည့် ယမန်နေ့နံနက် ၇ နာရီ တွင်ကျရောက်သည့် (၈၅)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို အတ္တရံမြစ်အရှေ့ဖက်ကမ်းရှိ ဖနုံကျေးရွာ နှစ်သစ်ကူးမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကရင်အမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင် ဦးစောကျော်ဝင်းက ကရင် အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရခြင်းနှင့်ပါတ်သက်၍ ပြောကြားရာ၌ ကရင်တိုင်းရင်းသားများ၏ ချစ်ခင်မြတ်နိုးစရာ စည်းလုံးညီညွတ်မှုကိုပြသခြင်း၊ ဘိုးဘွားများချမှတ်ထားခဲ့သည့် ရိုးရာဓလေ့များကို မပျောက်ပျက်အောင်ထိန်းသိမ်းသည့်အနေဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း လူငယ်များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို မပျောက်ပျက်စေဘဲ ထိန်းသိမ်းစောင့်ရှောက်ကြစေရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
နှစ်သစ်ကူးပွဲတော်ကို နံနက်အရုဏ်တက်ချိန်မှစ၍ တက်ရောက်လာသည့် တိုင်းရင်းသားများက ကရင်အမျိုးသားအလံတော်ကို လွှင့်ထူအလေးပြုခြင်း၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ဧည့်သည်များအား ရိုးရာမုန့်များဖြင့် စတုဒိသာမဏ္ဍပ်များတွင် ကျွေးမွေးခဲ့ကြပြီး ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အဖြစ် ရိုးရာလက်ဝှေ့ပွဲများ၊ ဇာတ်ပွဲများ၊ ခြင်းခတ်ပြိုင်ပွဲများ၊ ဒုံးယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment