MNP - ဇန်နဝါရီ ၂၅
စစ်တွေခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်၊ စာပေပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၅) အခြေခံ ပညာအထက်တန်းကျောင်း(စစ်တွေ)အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဦးစီး အရာရှိ ဦးမြင့်စိုးက ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ဆောင်ရွက်ပြီး အထက-၅(စစ်တွေ)မှ ကျောင်းသား၊ ကျောင်းသူလေးများက စကားဝိုင်းဆွေးနွေးကြသည်။
လူငယ်စကားဝိုင်းတွင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(စစ်တွေ)မှ Grade – 11 ကျောင်းသူ မချစ်စု ဝေက လူငယ်နှင့်အနာဂါတ်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်သီဟနိုင်က လူငယ်နှင့် မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း၊မောင်ဇော်မျိုးဝင်းက လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10မှ မငယ်မိုးလှိုင်က လူငယ်နှင့် အင်တာနက်သုံးစွဲမှုခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် ခန်းမအတွင်း၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ သဘာဝဘေး အန္တရာယ်အသိပညာပေး ဓာတ်ပုံ၊မူးယစ်ဆေးဝါးအန္တာရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာပေများခင်းကျင်းပြသထားမှု အားလှည့်လည်ကြည့်ရှု ခဲ့ကြသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဝန်ထမ်းများ၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(စစ်တွေ)ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဦးမြင့်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment